CDM တပ်သားတွေ များလာကြောင်း စောင့်ကြည့်သူတွေပြော

အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရရှိရေးလှုပ်ရှားသူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကြမ်းတမ်းစွာ ဖိနှိပ်ရက်စက်မှုတွေကို ကမ္ဘာအနှံ့ ပြစ်တင်ရှုတ်ချနေပေမယ့် ရပ်တန့်သွားခြင်းမရှိပါဘူး။ သူတို့ဘာကြောင့် ဒီလိုလူမဆန်မှုတွေကို ကျူးလွန်နေကြတာလဲ။ တပြိုင်နက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လိုလားသူတွေဘက်ကို ကူးပြောင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အရေအတွက်ကလည်း တနေ့တခြား တိုးပွားများပြားလာနေတယ်လို့ ပြောကြပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလက ကရင်ပြည်နယ် ဒူးပလာခရိုင်အတွင်းတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo: AFP

အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရရှိရေးလှုပ်ရှားသူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကြမ်းတမ်းစွာ ဖိနှိပ်ရက်စက်မှုတွေကို ကမ္ဘာအနှံ့ ပြစ်တင်ရှုတ်ချနေပေမယ့် ရပ်တန့်သွားခြင်းမရှိပါဘူး။ သူတို့ဘာကြောင့် ဒီလိုလူမဆန်မှုတွေကို ကျူးလွန်နေကြတာလဲ။ တပြိုင်နက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လိုလားသူတွေဘက်ကို ကူးပြောင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အရေအတွက်ကလည်း တနေ့တခြား တိုးပွားများပြားလာနေတယ်လို့ ပြောကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တပ်မ ၆၆ က ဗိုလ်ကြီး ထက်အောင်မျိုးကတော့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးမှု၊ လူနေအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးမှုစသဖြင့် ဥပဒေမဲ့ လုပ်ရပ်တွေကို စစ်သားတွေ လုပ်ဆောင်နေတာဟာ အချက် ၂ ချက်ရှိတယ်။ ရှေ့တန်းမှာကာလရှည်ကြာ တဆက်တည်းနေထိုင်ကြရမှုနဲ့ စစ်သားသစ် စုဆောင်းရာမှာ လူဦးရေရရှိရေးကို အဓိကထားတဲ့အတွက် မူလကတည်းက အကျင့်စာရိတ္တပျက်ပြားသူတွေ အများအပြား ပါဝင်လာခြင်းတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“တပ်မတစ်ခုက တပ်တွေဟာ ရှေ့တန်းတွေမှာ ၃ နှစ်နီးပါးလောက် နေခဲ့ရတယ်။ နေခဲ့ပြီးမှ အိမ်ပြန်ရမယ့် အချိန်မှာ ရုတ်တရက်ကြီး တစ်နေရာကို ထပ်ပြီး ပို့လိုက်တယ်။ အဲဒီအခါ စစ်သားတွေရဲ့စိတ်ထဲမှာ ဒီ PDF တွေ လုံးဝ မရှိတော့မှ ငါတို့ အိမ်ပြန်ရမယ်ဆိုတဲ့စိတ် ဝင်သွားတယ်။ လုံးဝ အရိုင်းစိတ်ပေါ့နော် ငါတို့ အိမ်ပြန်ရမယ့်ဟာ ဒီကောင်တွေ လုပ်လို့ ငါတို့မ ပြန်ရတာပေါ့ဆိုတဲ့ စိတ်၊ တမင်တကာဝင်အောင် လုပ်ထားတာပေါ့နော် psycho စိတ် ဖြစ်သွားတယ်။ တကယ်လည်း အဲဒီဒေသကို ရောက်ရော သူတို့ရဲ့ဒေါသစိတ်က သူတို့ဖြစ်ရမှာက သူတို့ကို ခိုင်းနေတဲ့ အထက်ကလူတွေဆီ ဖြစ်ရမယ်ဆိုပေမဲ့ သူတို့ရဲ့ ပေါက်ကွဲမှုက အောက်ကို သွားပြီးတော့ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ရှိတယ်။ ဒုတိယအချက်ကတော့ ဥပဒေမဲ့အလုပ်တွေကို တကယ်ကို လုပ်ချင်လို့ကို လုပ်နေတဲ့သူတွေ အများကြီးပဲ၊ ပင်ကိုယ်ဗီဇ အရပေါ့၊ သူခိုးတစ်ယောက်ကို ကျနော်တို့ မိတဲ့အခါမျိုးမှာ မင်း စစ်တပ်ထဲဝင်မလား ထောင်ချခံမလားမေးရင် ဟာ ကျနော် စစ်တပ်ထဲ ဝင်ပါ့မယ်ပေါ့၊ အဲလိုမျိုးပေါ့။ ပလတ်စတစ်ကောက်မယ့်သူလည်း ပါတယ်။ နောက်ဆုံး လှိုင်သာယာ မီးခွက်ဈေးက ငါးလိုက်ခိုးနေတဲ့သူတွေလည်း ပါလာတယ်။ အဲလို စရိုက်မျိုးစုံနဲ့ လူတွေ နဲ့ ဖွဲ့စည်းထားတာဆိုတော့ သူခိုးစိတ်၊ ဂျပိုးစိတ်၊ လူတစ်ယောက်ကို မြင်ပြီဆိုရင် နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ် အဲဒီ့စိတ်တွေက ပါလာတော့ သူတို့ ကိုယ်တိုင်ကလည်း လုပ်ချင်တာ လုပ်နေတာ။ နေစရာအိမ်မရှိဘူး။ မိသားစုရဲ့ အရသာကိုလည်း ထဲထဲဝင်ဝင် မသိဘူး၊ ရှေ့တန်းမှာပဲ ထားတယ် နောက်တန်းကို အများဆုံးနေမှ တစ်နှစ်ကို တစ်လပဲ ပြန်ခိုင်းတယ်”

လူထုထံက ပစ္စည်းတွေကို အဓမ္မနည်းမျိုးစုံနဲ့ ရယူနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တဖက်မှာတော့ အထက်လူကြီးအဆင့်ဆင့်ရဲ့ အနိုင်ကျင့်မှုကို ခံစားနေကြရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သားဖြစ်သူ ပိုင်ဆိုင်တဲ့ အာမခံကုမ္ပဏီကနေ အသက်အာမခံဝယ်ယူရတဲ့ အချက်ပဲလို့လည်း ဗိုလ်ကြီး ထက်အောင်မျိုး ကပြောပါတယ်။

“မင်းအောင်လှိုင် တက်လာတဲ့အချိန်မှာ သူ့သားပိုင်တဲ့ အောင်မြင့်မိုရ်မင်း အသက်အာမခံကုမ္ပဏီမှာ မဖြစ်မနေ အရာရှိစစ်သည်တိုင်း အကုန်ငွေစုရမယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ ပထမတုန်းက တစ်သိန်း စု ဗျ၊ တဖြည်းဖြည်းနဲ့ ရမှန်းသိတော့ နောက် ၁ဝ သိန်း စုရမယ်ဆိုပြီး ဖြစ်လာတယ်ပေါ့ ၅ နှစ်ကို။ အရာရှိစစ်သည် အနည်းဆုံး ကျပ် နှစ်သောင်း ငါးထောင်နီးပါး လစဉ်စုရတာ။ စစ်တပ်တစ်ခုလုံး ဦးရေ ၅ သိန်း ရှိတယ်ဆိုရင် ကျပ်နှစ်သောင်းခွဲနဲ့တွက်ကြည့်။ အများကြီးရတယ် အတိုးမပေးရပဲ ကုမ္ပဏီက အဲ့လောက်အများကြီးရတယ်။ ၅ နှစ်ပြည့်သွားပြီ ဆိုရင်လည်း ပိုက်ဆံပြန်ထုတ်ဖို့ တော်တော်ခက်ခဲတယ်။ လုံးဝ မရတဲ့သူတွေတောင် ရှိတယ်။ ဘယ်တပ်ရင်းကို အခုပေးနေလို့ အဲဒီတပ်ရင်းပြီးမှ ဘယ်တပ်ရင်းလာမယ်လို့ ပြောတာမျိုး ဖြစ်တယ်။”

အခုလို လုံခြုံရေးတပ်ဖွဲ့ဝင်အများစုက လူထုကို ရက်စက်စွာ ချေမှုန်းနေချိန်မှာပဲ စစ်ကောင်စီရဲ့ မတရားမှုတွေကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ဦးရေ ၈ဝဝဝ ခန့်ရှိပြီလို့ ခန့်မှန်းပြောဆိုကြပါတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု ကော်မတီက တိုက်တွန်းနှိုးဆော်သူ မသဉ္ဇာရွှန်းလဲ့ရည်ဟာ အဲဒီလို ပြည်သူနဲ့ ပူးပေါင်းမယ့် စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ ပိုမိုများပြားလာဖို့အတွက် ပါဝင်ဆောင်ရွက်နေသူပါ။

“CDM လုပ်လာတဲ့ စစ်သားတွေရဲ့ ပြောစကားအရဆိုရင် စာရင်းမပေးဘဲနဲ့ CDM လုပ်နေတဲ့သူတွေ အများကြီး ရှိတယ်။ လုံခြုံရေးအရရော နောက် ထင်ပေါ်ပြီးတော့ မနေချင်တဲ့အတွက် အကြောင်းမကြားဘဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှောင်တိမ်းနေတဲ့ သူတွေ အများကြီးပဲ။ အဓိကအားဖြင့် ခွင့်မဲ့ဖြစ်နေသူ အများကြီးပဲ။ တကယ့် တကယ် စစ်ကြောင်းထွက်ပြီ ဆိုရင်လည်း စစ်သား ၁ဝဝ ဆိုရင် ဘယ်တော့မှ ၁ဝဝ မပြည့်ဘူးဆိုတဲ့ သတင်းတွေပေါ့။ ဒါတွေက အခု တပ်ထဲကထွက်လာတဲ့ စစ်သားတွေ ပြောကြတာတွေမှာ အများကြီးကြားရတယ်။ ကျမတို့ မှန်းတာက အခုလောလောဆယ် ၈ဝဝဝ လို့ ပြောပေမယ့် တကယ့်တကယ် အဲဒီထက်များမယ်လို့ မြင်ရတယ်။ စစ်သား CDM က အခုအချိန်အထိ တဖွဲဖွဲနဲ့၊ တစ်နှစ်တာ ကြာတဲ့အထိ တဖွဲဖွဲနဲ့ ဆက်ပြီးတော့ အားကောင်းနေတယ်လို့ သုံးသပ်လို့ရတယ်”

အခုလို CDM မှာ ပါဝင်လာတဲ့သူတွေကို နားလည်အားပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

“အတွေးအခေါ် အယူဝါဒတွေ ပြောင်းလဲလာလို့ ကျမတို့တော်လှန်ရေးနဲ့ လက်တွဲလာပြီ၊ ပြည်သူ့ဘက်ကို ရပ်တည်လာပြီဆိုရင် ဘယ်လိုလူမျိုးက ဘယ်အချိန်မှာပဲ ပြောပါစေ။ ကျမတို့ တော်လှန်ရေး အတွက် ခွန်အားဖြစ်တယ်။ အင်အားတိုးစေတယ်။ ဒါကို ကျမတို့ ကြိုဆိုရမယ်”

ဒါပေမဲ့ တော်လှန်ရေးသတိတော့ အမြဲရှိရမှာပါပဲလို့လည်း သူက ပြောပါတယ်။

“စစ်သားမှ ရဲမှ မဟုတ်ဘူး။ လက်ရှိ CDM လုပ်နေတဲ့ အရပ်သားတွေပဲ ဖြစ်နေပါစေ။ အခုလက်ရှိ တော်လှန်နေပါတယ်ဆိုတဲ့သူတွေ ကြားထဲမှာလည်း ဒလန် သူလျှိုဆိုတာ အမြဲတမ်း ရှိနိုင်တယ်။ ဆိုတော့ ဒီတော်လှန်ရေးကာလမှာ အမြဲတမ်း အသိ၊ သတိနဲ့ သတိထားဖို့ လိုတယ်။ သင်ခန်းစာတွေ ရှိတယ်။ စိုးရိမ်ရတာတွေ ရှိတယ်။ တချို့လက်နက်နဲ့ ဝင်လာတာကြောင့်မို့ အတော်သတိထားရတယ်။ ခုကာလမှာ အားလုံး ဘာကြုံရသလဲဆိုတော့ ကျမတို့ မပြောရမယ့်စကားတွေ ရှိတယ်၊ ပေးမသိနိုင်တဲ့ အချက်အလက်တွေ ရှိတယ်။ အရမ်းရင်းနှီးတဲ့သူတွေမှာတောင် ရှိကြတယ်။ ကျမတို့က တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်အဖွဲ့အစုတွေမှာ ချထားတဲ့စည်းမျဉ်းကို လိုက်နာဖို့ အရေးကြီးတယ်။ အဲဒါက တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တယ်ဆိုတာ ကျမတို့အားလုံးရဲ့ခေါင်းထဲမှာ ရှိထားဖို့လိုတယ်”

အခုလို နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတွေရဲ့ ပြောစကားနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org