စစ်ကောင်စီကို စွန့်ခွာတဲ့ စစ်သားနဲ့ ရဲ ၁၆ဝဝဝ ခန့်ရှိပြီဟု CDM အရာရှိတွေပြော

ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး မင်းမောင်မောင်ကလည်း အခြေအနေအရ စစ်ကောင်စီကို စွန့်ခွာသူဦးရေကို အတိအကျ သိဖို့ ခက်ကြောင်း၊ ဒါပေမယ့် တစ်သောင်းကျော်ပြီလို့ သူခန့်မှန်းကြောင်း ပြောပါတယ်။

CDM လှုပ်ရှားမှုတွင် ပါဝင်လာသော ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၁ ဖေဖော်ဝါရီလက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။ Photo: CJ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ အာဏာဖီဆန်ပြီး ထွက်ပြေးသူဦးရေဟာ ၁၆ဝဝဝ ခန့်ရှိပြီလို့ CDM အရာရှိတွေက ပြောပါတယ်။ ဒီအရေအတွက်ကို RFA က အတည်ပြုလို့တော့ မရနိုင်သေးပါဘူး။ ရဲတပ်ဖွဲ့ကနေ CDM မှာ ပါဝင်လာတဲ့ အရာရှိကြီးတစ်ဦးက နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်က သူတို့ ရရှိတဲ့ သတင်းတွေကို ကိုးကားပြီး အာဏာသိမ်းပြီး နောက်ပိုင်း ထွက်ပြေးစွန့်ခွာသူ အရေအတွက်ကို အခုလိုပြောဆိုပါတယ်။

“နေပြည်တော်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ကျနော်တို့ လျော့နည်းသွားတဲ့ အင်အားတွေက ၇ဝဝဝ ကျော်မှာရှိတယ်။ အဲဒီ ၇ဝဝဝ ကျော် မှာ ပင်စင်၊ သက်ပြည့်ပင်စင်၊ နှုတ်ထွက်တို့၊ မကျန်းမာ တို့တွေ နုတ်လိုက်လို့ ရှိရင်တော့ CDM လုပ်ထားတဲ့ ရဲက ၆ဝဝဝ ကျော် လောက်မှာ ရှိတယ်။ တကယ်တမ်း စာရင်းပေးသွင်းနိုင်တဲ့ ရဲကတော့ ၂၅ဝဝ နဲ့ ၃ဝဝဝ ကြားရှိတယ်။ ကျန်တဲ့သူတွေကတော့ အကြောင်း အမျိုးမျိုးကြောင့် ဆက်သွယ်လို့ မရတဲ့သူတွေ၊ အင်တာနက် မကောင်းတဲ့ နေရာမှာ နေတဲ့သူတွေ၊ EAO နယ်မြေမှာ ရှိသူတွေ၊ PDF ထဲမှာ ရှိတဲ့သူတွေကတော့ ဆက်သွယ်လာခြင်း မရှိဘူး”

ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး မင်းမောင်မောင်ကလည်း အခြေအနေအရ စစ်ကောင်စီကို စွန့်ခွာသူဦးရေကို အတိအကျ သိဖို့ ခက်ကြောင်း၊ ဒါပေမယ့် တစ်သောင်းကျော်ပြီလို့ သူခန့်မှန်းကြောင်း ပြောပါတယ်။

“တစ်သောင်း ကျော်ပြီပေါ့။ ပြည်သူဘက်ကို ပုံစံမျိုးစုံနဲ့ပေါ့နော်။ CDM ခေါင်းစဉ်အောက်ကို ဝင်လာတာ ရှိတယ်၊ Local PDF အောက်ကို တိတ်တဆိတ် ပူးပေါင်းသွားတာ ရှိတယ်။ ပုံမှန် လူမသိ သူမသိ ကိုယ်ယောင်ဖျောက်ပြီးတော့ တပ်ပြေးဘဝနဲ့ ငြိမ်သက်စွာနေတဲ့ အဖွဲ့တွေ ရှိတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်ကို စွန့်ခွာထွက်ပြေးသူဦးရေ ထောင်နဲ့ချီပြီးရှိတယ်ဆိုတာ မဟုတ်ပါဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက RFA ကို ပြောခဲ့ပါတယ်။

"ကျနော် ပြောချင်တာကတော့ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ တပ်ထဲကို အခုချိန်ထိ ဝင်ရောက်သူတွေလည်း ရှိပါတယ်။ ပြီးရင် ယခင် အင်အားအတိုင်းပဲ ရှိနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ ခွင့်မဲ့ ပျက်ကွက်တာကို CDM ဆိုပြီး ရောချတာတွေ ရှိပါတယ်။ တချို့လည်း လုပ်သွားတဲ့သူတွေ မရှိဘူးလားဆိုတော့ အနည်းအကျဉ်းတော့ ရှိပါတယ်"

ဒီအတောအတွင်း လက်ရှိတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကျဆုံးတဲ့ ဦးရေ အထူးများပြားနေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေ ဒေသခံ PDF တွေကပြောပေမယ့် စစ်ကောင်စီဘက်က အတည်ပြုခြင်း မရှိပါဘူး။

ဗိုလ်ကြီး မင်းမောင်မောင်ကတော့ စစ်ကောင်စီဟာ သူတို့အင်အား အကြီးအကျယ်ယိုယွင်းနေတာကို ဖုံးကွယ်နေတယ်လို့ ပြောပါတယ်။

“နောက်ဆုံး PDF တွေ ချလိုက်လို့ သေသွားတယ်ဆိုရင်လဲ သူတို့က ၁ဝ ယောက်သေရင် ၅ ယောက်လောက်ပဲ အသေပြတာ၊ ကျန်တာ တပ်ပြေးစာရင်းထဲ ထည့်တာ။ အောက်က တပ်ရင်းမှုး တွေကလည်း သိပ်မတင်တော့ဘူး”

၂၀၂၁ ဖေဖော်ဝါရီလက CDM လှုပ်ရှားမှုတွင် ပါဝင်လာသော နေပြည်တော်က ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ (Photo: CJ)

စစ်သည်အရေအတွက် နည်းပါးမှုကြောင့် စစ်တပ်နဲ့ ပြည်ထဲရေးလက်အောက်ခံ ဝန်ထမ်းမိသားစုတွေကိုပါ စစ်သင်တန်းပေးနေတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“စစ်သည်အင်အား မလုံလောက်တဲ့ အတွက်မို့ စစ်သည်ရဲ့မှီခိုရဲမေတွေကို သေနတ်ပေးပြီး လေ့ကျင့်ပြီးတော့ တပ်တွင်းလုံခြုံရေး လုပ်နေတာပဲလေ။ အခုဆိုရင် စစ်သည်ဇနီးမယားတင် မကဘူး ရဲမိသားစုဝင်တွေ မီးသတ်တွေ အကျဉ်းဦးစီးတွေပါ သူတို့ စစ်သင်တန်းတွေ ပေးနေတယ်။ မှီခိုတင်မကဘူး ဇနီးမယားတင်မကဘူး ဆွေမျိုးတွေပါ စစ်သင်တန်း တက်ခိုင်းနေပြီ”

အခုလို CDM အရာရှိတွေရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလော သိရှိနိုင်ခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org