ဆေးခြောက်ကို တရားဝင်ခွင့်ပြုဖို့ တောင်းဆိုသူရော မတောင်းဆိုသူပါအမှုဖွင့်ခံရ
မြန်မာနိုင်ငံမှာ ဆေးခြောက်သုံးစွဲခွင့်၊ စိုက်ပျိုးခွင့်နဲ့ ဆေးဝါးနဲ့ကုန်ပစ္စည်းတွေမှာ အသုံးပြုခွင့်ကို ဥပဒေနဲ့ တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုစိန်လှမောင်နဲ့ ကိုထက်ခိုင်စိုးဆိုတဲ့ လူငယ်နှစ်ယောက်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။
-
နေရိန်ကျော်
2019-11-13 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ ဆေးခြောက်သုံးစွဲခွင့်၊ စိုက်ပျိုးခွင့်နဲ့ ဆေးဝါးနဲ့ကုန်ပစ္စည်းတွေမှာ အသုံးပြုခွင့်ကို ဥပဒေနဲ့ တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုစိန်လှမောင်နဲ့ ကိုထက်ခိုင်စိုးဆိုတဲ့ လူငယ်နှစ်ယောက်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းချမ်းစွာစီတန်းခွင့်နဲ့ စုဝေးခွင့်ဆိုင်ရာဥပဒေ-ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။
ဒီလိုအမှုဖွင့်ခံရတာနဲ့ ပတ်သက်လို့ ကိုစိန်လှမောင်က “ငြိမ်းစုစီပဲပေါ့။ ပုဒ်မ (၁၉) ပဲ။ ကျနော်နဲ့နောက် ထပ်တယောက်နဲ့။ ကျနော့်ကို တခြားမီဒီယာကလာပြော တာကတော့ စိန်လှမောင်နဲ့ထက်ခိုင်စိုးဆိုပြီး လာပြောတယ်။ ဒါပေမယ့် ထက်ခိုင်စိုးဆိုတာက ရှင်းရှင်းပြောရရင် ကျနော်ကသေချာမသိဘူး” လို့ပြောပါတယ်။
ကျောက်တံတားရဲစခန်းမှူး ဒု-ရဲမှူး ဘိုထွန်းကလည်း အမှုဖွင့်တာ ဟုတ်မှန်တယ်လို့ RFA ကို ဒီနေ့ အတည်ပြုပြောဆိုပါတယ်။
“ ဟုတ်တယ်၊ ဟုတ်တယ်။ ကျနော်တို့ရဲစခန်းကို အရင်လာပြီးတော့တွေ့ရမယ်။ လုပ်ငန်းပိုင်းတွေ မေးမြန်းရမှာပေါ့နော်။ လုပ်ထုံးလုပ်နည်းပြီးမှ တရားရုံးရောက်မှာပေါ့နော်။ ငြိမ်းစုစီ (၁၉) ပေါ့ဗျာ။ သက်ဆိုင်ရာမြို့နယ်တပ်ဖွဲ့မှူးကို အသိပေးအကြောင်းကြားခြင်းမရှိတာလေ”
ကိုစိန်လှမောင်အပါအဝင် လူငယ်အုပ်စုတစုဟာ ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညက ကျောက်တံတားမြို့နယ် က လွတ်လပ်ရေးကျောက်တိုင်အောက်မှာ ဒီလှုပ်ရှားမှုကို လုပ်ခဲ့ကြတာပါ။ တကယ်တော့ ရဲတပ်ဖွဲ့က အမှုဖွင့်တဲ့သူနှစ်ယောက်ထဲက ကိုထက်ခိုင်စိုးက အဲဒီလှုပ်ရှားမှုမှာမပါဝင်ဘဲ အမှုဖွင့်ခံရတာလို့ စုံစမ်းသိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုထက်ခိုင်စိုးကို ဆက်သွယ်မေးမြန်းကြည့်တော့ သူဟာ ဆေးဆိုးပန်းရိုက်လုပ်ငန်းလုပ်တဲ့သူဖြစ်လို့ ဆေးခြောက်ရွက်ပုံပါတဲ့ တီရှပ်အင်္ကျီတွေ ရောင်းဖူးတာပဲရှိပြီး အဲဒီလှုပ်ရှားတဲ့သူတွေကို လူချင်းမသိသလို၊ လှုပ်ရှားမှုမှာလဲ မပါဝင်ဘူးလို့ ပြောပါတယ်။
“အလဲဗင်းမီဒီယာမှာ ကျနော်ဖတ်လိုက်ရတာပေါ့နော်။ ကျနော့်နာမည်တွေ့တယ်။ ကျနော့်နာမည်နဲ့တူတာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုမှာ ကျနော်ဘာမှမပါဘူး။ အဲဒီပွဲလည်းမသွား ခဲ့ဘူး။ ဒါပေမဲ့ အဲဒီနာမည်တွေ့တယ်ဆိုပြီး သူငယ်ချင်းတွေကပြတယ်ပေါ့ဗျာ။ ဖြစ်နိုင်တာက ဆိုရှယ်မီဒီယာရဲ့ ရိုက်ခတ်မှုလို့လည်း ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ကလည်း ဆေးခြောက်ရွက်ပုံပါတဲ့တီရှပ်တွေ ပြီးခဲ့တဲ့လက ရိုက်ရောင်းခဲ့တာရှိတယ်။ ပြီးတော့ ဒီလှုပ်ရှားမှုကို ထောက်ခံတယ်ဆိုတာ ဖေ့စ်ဘွတ်မှာရေးဖူး တယ်ပေါ့နော်။ အဲဒါတွေကြောင့်လည်း ဖြစ်နိုင်တယ်”
ကိုထက်ခိုင်စိုးဟာ အရင်သမ္မတဦးသိန်းစိန်လက်ထက်က ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသလို၊ လက်ရှိမှာလဲ တရားစွဲခံထားရတဲ့အမှု ရှိနေသူဖြစ်ပါတယ်။ အဲဒီအပြင် သူအရင်ကဆန္ဒပြဖူးတဲ့ ဓာတ်ပုံတွေမှာ စာသားကို ဖိုတိုရှော့နဲ့ပြင်ပြီး ဆေးခြောက်တရားဝင်ဖြစ်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့သူပုံစံမျိုး တခြားလူတွေက ပုံဖျက်ပြီး ဖေ့စ်ဘွတ်မှာဖြန့်နေတာကို တွေ့ရတယ်လို့လဲ ပြောပြပါတယ်။ ဒါပေမယ့် အခုအမှုဖွင့်ထားတဲ့ကိစ္စကို ပြည်တွင်းသတင်းမှာ တွေ့ရပြီး၊ သူ့ကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက တိုက်ရိုက်အကြောင်းကြားတာမရှိသေးဘူးလို့ ပြောပါတယ်။
အမှုဖွင့်ခံရတဲ့ ကိုစိန်လှမောင်ကတော့ သူတို့အနေနဲ့ ဆေးခြောက်တရားဝင်ဖြစ်ရေး တောင်းဆိုရတာဟာ တည်ဆဲဥပဒေပုဒ်မအရ လူငယ်တွေ ဘဝထိခိုက်ရတာတွေရှိသလို၊ အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေမှာ ဆေးခြောက်ကို တရားဝင်သတ်မှတ်လိုက်လို့ အကျိုးကျေးဇူးရနေတဲ့အတွက် မြန်မာပြည်မှာလဲ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာလို့ ပြောပြပါတယ်။
“အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ရရေးပေ့ါ။ ဒါဟာဆေးခြောက်သုံးဖို့မဟုတ်ဘူး။ ဆေးခြောက်ရှူဖို့အဓိကမဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ဆေးခြောက် ကိုတရားဝင်ခွင့်ပြုမယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေး၊ ဆေးခြောက်ကနေ ကမ္ဘာမှာလဲထုတ်နေကြတဲ့အတိုင်း ဆေးဝါးတွေပေါ့။ ဥပမာ - ကင်ဆာဆေးတို့၊ အေအိုင်ဒီအက်စ်ဆေးတို့၊ ပိုလီယိုဆေးတို့၊ အဲလိုမျိုး ရောဂါဝေဒနာရှင်တွေအတွက် အဆင်ပြေဖို့တွေ၊ ပြီးတော့ ပုဒ်မ (၁၅) ပေါ့။ ဖမ်းတဲ့ပုဒ်မပေါ့။ အဲဒါမျိုးကိုလဲ ကျနော်တို့ကပြင်ချင်တာ။ ပြီးတော့ တကိုယ်ရေအသုံးပြုဖို့ပေါ့”
မူးယစ်ဆေးကြောင့် ထောင်ကျဘဝပျက်ရတာမျိုးတွေ မရှိသင့်တော့ဘူးလို့လဲ ကိုစိန်လှမောင်က ပြောပါ တယ်။
“ကျောင်းသားလူငယ်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းတယောက်ပဲဖြစ်ဖြစ် သူတို့တွေ တကိုယ်ရေအပန်းဖြေဖို့ ဆေးခြောက်သောက်လိုက်တယ်/ ဒါပေမယ့် အဲဒီဆေးခြောက်လေးတလိပ်ကြောင့် ထောင်ထဲကို ငါးနှစ်၊ဆယ်နှစ်သွားလိုက်ရတယ်။ အဲဒီအတွက် အဲဒီလူအတွက် သူ့ရဲ့အနာဂတ်တခုလုံးပျောက်သွားတယ်။ ဆေးခြောက်တလိပ်လောက်နဲ့ ထောင်ထဲငါးနှစ်သွားရတယ်ဆိုတာ ဒီခေတ်မှာမရှိသင့်တော့ဘူးလို့ ကျနော်တို့က ယူဆတယ်”
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၅၀ ရှိပြီး အဲဒီထဲမှာ အပျော်တမ်းသုံးခွင့် တရားဝင်ခွင့်ပြုလိုက်တဲ့ ပြည်နယ်က ဝါရှင်တန်ဒီစီနဲ့ တခြား ၁၂ ပြည်နယ်ဖြစ်ပြီး၊ ဆေးဝါးအဖြစ် ဆရာဝန်လက်မှတ်နဲ့သုံးခွင့်ပြုတဲ့ ပြည်နယ်က ၂၁ ပြည်နယ်ပဲရှိပါသေးတယ်။ ကျန်တဲ့ ၁၇ ပြည်နယ်က တရားဝင်ခွင့်ပြုတာမရှိသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ ကိုစိန်လှမောင်က .....
“ဆေးခြောက်နဲ့ ပတ်သက်လို့ ဥပမာပေးမယ်ဆိုရင် ကျနော်က အမေရိကန်ကို ဥပမာမပေးချင်ဘူး။ နယ်သာလန်တို့ ကနေဒါတို့ ပေါ်တူကီတို့ ဥရောပကနိုင်ငံတွေကို ကျနော်က ပိုပြီးဥပမာပေးစေချင်တယ်။ ကမ္ဘာမှာ တားမြစ်ထားတဲ့ မူးယစ်ဆေးတော်တော်များများကို နယ်သာလန်က ခွင့်ပြုထားတယ်။ အဲဒီအတွက် နယ်သာလန်မှာ ဘာတွေ ဆိုးသွားတယ်။ ဘာတွေကောင်းသွားတယ်ဆိုတာ ကျနော်တို့ ထပ်လေ့လာကြည့်တော့ အဲဒီလိုခွင့်ပြုပြီး ဆယ်စုနှစ်တခုအတွင်း နယ်သာလန်မှာ အကြမ်းဖက်မှုက သုညရာခိုင်နှုန်းထိ လျော့ကျသွားတယ်။ သုညကနေ တဆယ်အတွင်းထိ လျော့ကျသွားတယ်ဗျာ။ ၂၀၁၅ ကနေ ၂၀၁၉ အတွင်း နယ်သာလန်ထောင်တွေမှာ အကျဉ်းသားတွေ မရှိတော့ဘူး။ မြန်မာပြည်မှာ ဆယ်စုနှစ်နဲ့ချီပြီး နှိမ်နင်းနေပေမယ့် မအောင်မြင်ဘူး။ အဲဒါဘာကြောင့်လဲဆိုတာ ပြည်သူတွေသိအောင်လို့ အစိုးရက တာဝန်ရှိတယ်။ သူက အသိပညာဖြန့်ဝေပေးရမှာ။ အစိုးရက ထောက်ပံ့ပေးမှသာ ပညာရှင်တွေကဝိုင်းပြီး သုတေသနလုပ်ကြမှာ။ နိုင်ငံတကာနဲ့ ပြည်တွင်းပညာရှင်တွေ ပေါင်းပြီး သုတေသနလုပ်မယ်။ ပြီးတော့မှ ဆေးခြောက်တဂရမ်သုံးလို့ ဘာမှမဖြစ်ဘူးဆိုတဲ့ သက်သေပြချင်မျိုး ဒါမှမဟုတ်လဲ သေလောက်တယ်၊ အန္တရာယ်ရှိတယ်ဆိုတဲ့သက်သေပြချက်မျိုး၊ ဘာပဲဖြစ်ဖြစ်သေချာတဲ့ သက်သေပြချက်မျိုး ကျနော်တို့ လိုချင်တာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေးပြဿနာတွေ မဖြေရှင်းနိုင်သေးသလို၊ ပညာရေးမှာလဲ ပြုပြင်ပြောင်းလဲဖို့၊ လူတွေအသိဉာဏ်တိုးဖို့ မလုပ်နိုင်သေးခင်မှာ အခုလို ဆေးခြောက်တရားဝင်ခွင့်ပြုရေး မဖြစ်သင့်သေးဘူးဆိုတဲ့ အယူအဆကိုပြောဆိုနေသူတွေလဲ ရှိနေပါတယ်။