အာဆီယံကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ် အကျိုးမထူးနိုင်ကြောင်း သုံးသပ်ကြ

2021.10.06
အာဆီယံကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ် အကျိုးမထူးနိုင်ကြောင်း သုံးသပ်ကြ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြည်တွင်းရေးအကျပ်အတည်းကို အာဆီယံက ကြားဝင်ဖြေရှင်းပေးဖို့ အထူးကိုယ်စားလှယ်ခန့်ထားပေမယ့် အထူးကိုယ်စားလှယ်ကို အတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ စစ်ကောင်စီက တွေ့ခွင့်မပေးထားပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ဘရူနိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကို မြန်မာနိုင်ငံ အတွက် အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားပြီးသား ဖြစ်သလို မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ တွေ့ဆုံ သင့်သူ အားလုံးနဲ့ အပြည့်အဝတွေ့ခွင့်ရဖို့ အာဆီယံက စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အာဆီယံအထူး ကိုယ်စားလှယ် မြန်မာပြည်လာရင် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာကို လေးစားလိုက်နာဖို့ မေတ္တာရပ်ခံ ထားတယ်လို့ RFA ကို မနေ့က ပြောပါတယ်။

“အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ တူညီဆန္ဒငါးချက်နဲ့အညီပဲ ဆောင်ရွက်ဖို့၊ ထပ်မံပြီးတော့ အဆို ပြုချက် အသစ်တွေ မလုပ်ဖို့၊ ပြီးရင် အထူးကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်တဲ့ နေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ခွင့် အချုပ်အခြာတန်းတူညီမျှခွင့် ဒါတွေကို လေးစားဖို့၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တာ မပြုဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်။ သဘောတူညီချက် ငါးရပ်ထဲမှာ ပါတဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ပြီး သက်ဆိုင်သူများနဲ့ တွေ့ဆုံရန်၊ ဥပဒေ ဘောင်အတွင်းက သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးရပါမယ်။ ဘယ်နိုင်ငံအစိုးရမှ အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသူတို့ ဘယ်နိုင်ငံ အစိုးရမှ ဥပဒေအရ အမှုရင်ဆိုင်နေရဆဲသူတွေနဲ့ တွေ့ဆုံခွင့်ပေး တယ်ဆိုတာ အထူးအခြေအနေ တစ်ရပ်တစ်ခုမှအပ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး”

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စတဲ့ ပုဒ်မတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက တရားစွဲထားသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့အစည်းဟာလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကြောင့် နိုင်ငံတကာ အထူးကိုယ် စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုထားပါတယ်။

“ရှင်းရှင်းပြောရရင် လာတာလည်း ဘာမှထူးလာမှာ မဟုတ်ဘူး၊ မြန်မာပြည် ရောက်ဖူးတယ်ပဲ ပြောရမှာပေါ့"

စစ်ကောင်စီဘက်က ဒီဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံကိုသွားမယ့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Yusof က၊ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလက အာဆီယံအဖွဲ့အတွင်း အားလုံးသဘောတူညီချက်ကို ချိုးဖေါက် ပြီး နောက်ကြောင်းပြန်လှည့်သွားပြီလို့ ဘရူနိုင်းနိုင်ငံမှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်တွေကို ပြောလိုက်ပါတယ်။ ဒီနေ့ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မပြုဖို့ ဆွေးနွေးကြ တယ်လို့ Yusof က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးကတော့ အာဆီယံအနေနဲ့ အာဏာရှင်ကို ထိရောက်တဲ့ အရေးယူမှုမျိုးတွေလုပ်ဆောင်ဖို့ ဖိအားပေးသင့်တယ်လို့ ပြောပါတယ်။

“ပြည်သူတွေက အာဆီယံနဲ့ အထူးသံတမန်တွေအပေါ် အားမထားတော့တာ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ အာဆီယံဟာ မြန်မာ့အရေးမှာ တကယ်စိတ်ကောင်းစေတနာ ပြမယ်ဆိုရင် အာဆီယံမှာ စစ် ကောင်စီကို အသိအမှတ်ပြု နေရာမပေးဖို့နဲ့ ထိရောက်တဲ့အရေးယူမှုတွေ ချမှတ်ဆောင်ရွက်တာမျိုးတွေ လုပ်ပြမှ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ဒီမိုကရေစီအရေးတွေ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါမှ မြန်မာ ပြည်သူတွေက အာဆီယံအပေါ် မျှော်လင့်လာကြမှာပါ။ ပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးဟာ အာဆီယံ အပေါ် လုံးဝမူတည်နေတာမျိုး မဟုတ်ပေမယ့်လည်း အာဆီယံရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေက မြန်မာ့ဒီမိုကရေစီအရေး လူ့အခွင့်အရေး တိုးတက်မှုတွေအတွက် သက်ရောက်မှု တော်တော်ကြီးပါတယ်’’

အကျပ်အတည်းမျိုးစုံကြုံနေရတဲ့ မြန်မာ့အရေးကို ဖြေရှင်းပေးဖို့ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ကောင်စီဘက်က ငြင်းနေမယ်ဆိုရင် ဒီလထဲမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာပါခွင့်မရအောင် ဖယ်ထားခံရမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အောက်တိုဘာ ၄ ရက်နေ့က သတိပေးထားပါတယ်။

ဒီလိုပြောကြားချက်ဟာ အာဆီယံအဖွဲ့အစည်းတစ်ခုလုံးရဲ့ သတိပေးပြောကြားချက် မဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က သူ့သဘောထားကို ထုတ်ဖော်ပြောဆိုချက် တစ်ခုသာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်တုံ့ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ မင်းတပ် CDF အဖွဲ့က အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကတော့ အာဆီယံကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြည်သူတွေအတွက် အကျိုးထူး မယ့်ခရီးစဉ် မဟုတ်ဘူးလို့ ပြောပါတယ်။

“ရှင်းရှင်းပြောရရင် လာတာလည်း ဘာမှထူးလာမှာ မဟုတ်ဘူး၊ မြန်မာပြည် ရောက်ဖူးတယ်ပဲ ပြောရ မှာပေါ့။ တကယ့်လူ့အခြေခံတန်ဖိုးတွေကို ကာကွယ်ချင်တယ်၊ ထိန်းသိမ်းချင်တယ်ဆိုတဲ့စိတ်နဲ့ လာ တယ်လို့ ကျွန်တော်တို့က မမြင်ပါဘူး’’

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့ထဲကို ၁၉၉၇ ခုနှစ်မှာ စတင်ဝင်ရောက်ခွင့်ရထားတာဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ စီးပွားရေး၊ ဒေသတွင်း မတည် ငြိမ်မှုတွေကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ မတူညီတဲ့ နိုင်ငံရေးစနစ်တွေနဲ့ ရပ်တည်နေတဲ့ နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

erywan-yusof.jpg
(အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို တွေ့ရစဉ် - Photo: AFP)

အာဆီယံမှာ နိုင်ငံတစ်နိုင်ငံကို အရေးယူမယ်ဆိုရင် အဲဒီနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူမှ ဆုံးဖြတ်တာမျိုးဖြစ်လို့ မြန်မာ့အကျပ်အတည်းဟာ အာဆီယံအနေနဲ့ ထိရောက်တဲ့ဖြေရှင်းမှုမျိုး ဖြစ်လာဖို့ လမ်းမမြင်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“အာဆီယံက ဆုံးဖြတ်ချက်တစ်ခုခုချရင် အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချလို့ရရတယ်ဆိုတဲ့ သူတို့ သဘောသဘာဝအရ ဒီလောက်ပဲလုပ်နိုင်မှာလေ။ ဆိုလိုတာက တစ်ခုခုဆုံးဖြတ်ချက်ချပြီးရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာက မြန်မာနိုင်ငံက သဘောတူတူမတူတူ ကျန်တဲ့နိုင်ငံတွေက ဆုံးဖြတ်ချက်ချနိုင်တယ် ဆိုတာမျိုး အဲလို စည်းကမ်းချက် မရှိဘူး။ အဲဒီစည်းကမ်းချက် မလိုက်နာရင် ဘယ်လိုအရေးယူမလဲဆိုတာ မျိုး သူတို့ မရှိဘူး။ သူတို့ ပင်ကိုယ်အဖွဲ့အစည်းကိုက အဲလိုဖြစ်နေတာ ဘာမှမတတ်နိုင်ဘူး’’

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ကျင်းပတဲ့ အကြိမ် (၃၀) မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ် ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ အထူးကိုယ်စား လှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်းအတွက် အာဆီယံက အပြုသဘောဆောင် ကြိုးပမ်းနေပေမယ့် အာဆီယံ အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်မယ့်အရေး နှောင့်နှေးနေရတာဟာ စစ်ကောင်စီက လက်ရှိပြဿ နာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်တာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။