နပခ ဌာနချုပ်ကို အာရက္ခတပ်တော်(AA) အလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်နေ

အမ်းမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အမ်းဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်အပြီး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ Telegram/ AA Info Desk

Updated 5:00 PM, Oct 29, 2024

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ကို သိမ်းပိုက်ထားတယ်လို့ AA အဖွဲ့နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

အမ်းမြို့နယ်မှာ နပခ ဌာနချုပ်နဲ့ အောက်ခံတပ်ရင်း တစ်ဆယ်ကျော်ရှိပါတယ်။ အဲဒီတပ်ရင်းတွေကို စစ်ကူပေးမဲ့ အမ်းမြို့လေဆိပ် အပါအဝင် အမ်း-ပဒါန်းလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း- မအီ-တောင်ကုတ်လမ်း၊ အမ်း-စစ်တွေ လမ်း စတဲ့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ဖြတ်တောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

အခုစစ်ဆင်ရေးက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

“အမ်းမြို့တိုက်ပွဲကတော့ ဆက်လက်ပြီး ပြင်းထန်နေတာပေါ့နော်။ ဒါ အထူးသဖြင့်တော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ အာရက္ခတပ်တော်က အပြင်းအထန် ကြိုးစားနေတာ ရှိပါတယ်။ အကြမ်းဖက် စစ်ကောင်စီဘက်ကလည်း သူတို့မြို့ခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းထားပြီးတော့မှ ကာဗာယူထားပြီးတော့ ပြည်သူတွေကို ဒုက္ခပေးပြီးတော့မှ ခုခံနေတာ ရှိတယ်။ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေ အမြောက်အမြား သုံးပြီးတော့မှ ဆက်ပြီးတော့ ခုခံနေတာရှိပါတယ်”

စစ်ကောင်စီဘက်က တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့ကို အရပ်လေးမျက်နှာကနေ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်စခန်းတွေ သိမ်းပိုက်တဲ့အခြေအနေကို ဦးခိုင်သုခက ထုတ်ဖော်ပြောတာ မရှိပါဘူး။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မဲတောင်ဗျူဟာအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှသိမ်းပိုက်ပြီး သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများအား AA မှ ထုတ်ပြန်ထားစဉ်။ (Telegram/ AA Info Desk Photo)

လက်ရှိမှာတော့ ခမရ ၃၇၂၊ ခမရ ၃၇၃၊ အမှတ် (၇၅၇) အပါအဝင် အမ်းမြို့အနီးက တစ်မိုင်ကုန်း တပ်စခန်းကို AA က သိမ်းပိုက်ထားပြီး အမှတ် ၃၇၄ အမြောက်တပ်ရင်းနဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တပ်တွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အမည်မဖော်လိုတဲ့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မဲတောင်ဗျူဟာကို သိမ်းပြီးနောက်ပိုင်းမှာ ၇၅၇ ကို သိမ်းတယ်။ ခမရ ၃၇၃ ကို သိမ်းတယ်။ နောက်ပြီး တိုင်းဆေးရုံကို သိမ်းတယ်။ အမ်း-တပ်တောင် ကားလမ်းမှာရှိတဲ့ ထောက်ပို့တပ်ရယ်၊ ခမရ ၃၇၂ ရယ်ကို သိမ်းတယ်လို့ သိရတယ်။ နောက်ပြီးတော့ အမ်း-မအီကားလမ်း အမ်းနဲ့ဆို တစ်မိုင်ဝေးတဲ့ တစ်မိုင်ကုန်းကိုလည်း AA က သိမ်းလိုက်ပြီပေါ့နော်။ အဲဒီတစ်မိုင်းကုန်းစခန်းက နာမည်ကြီးတယ်။ နောက်ပြီး အမြောက်တပ်နဲ့ COD တပ်ကတော့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတုန်း ဖြစ်တယ်ပေါ့နော်။ အမ်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကတော့ ထွက်ပေါက်၊ ဝင်ပေါက် ပိတ်နေပြီပေါ့နော်။ လေယာဥ်တွေနဲ့လည်း ကယ်ထုတ်ဖို့ ခက်ခဲနေပြီပေါ့”

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းနေတာပါ။ နပခ ဌာနချုပ်ရဲ့ ရှေးတန်းခံစစ်ဖြစ်တဲ့ တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် နပခဌာနချုပ်ကို အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။ ဒီစစ်ဆင်ရေးအတွင်း AA နဲ့အတူ ကျောင်းသားလက်ရုံးတပ်တော် (ASF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ကပါ ပူးပေါင်းတိုက်ခိုက်နေကြောင်း အဲဒီအဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားကြပါတယ်။

“ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်နေကြပါတယ်”

အောက်တိုဘာ ၂၈ ရက် မနေ့ကလည်း အာရက္ခတပ်တော် (AA) က အမ်းလေဆိပ်နဲ့ စစ်ကောင်စီတပ်ရင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်ကလည်း စစ်လေယာဥ်တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်တွေ၊ Y12 အမျိုးအစား စစ်လေယာဥ်တွေနဲ့ မြို့အနီးအနား ပတ်ဝန်းကျင်တွေကို ဗုံးကြဲခဲ့ပြီး ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ အမ်းမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“AA ကတော့ ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ အင်အားအလုံးအရင်းနဲ့ကို တိုက်ခိုက်နေတာဗျ။ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်ဗျ။ စစ်ကောင်စီတပ်ကတော့ နေ့စဥ်နဲ့အမျှ ဂျက်လေယာဥ်တွေ၊ Y12 လေယာဥ်တွေနဲ့ ဗုံးကြဲတယ်။ နောက်ပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကို ကျွန်တော်တို့ ကြားနေရတယ်။ ဒေသခံတွေကတော့ လွတ်မဲ့နေရာတွေကို ရှောင်နေရတာပေ့ါ။ တောဟိန်းတောင်တို့ မဲတောင်ဗျူဟာတို့ကိုလည်း AA က သိမ်းထားပြီးပြီလေ။ တောင်ကုန်းတွေလည်း သိမ်းထားပြီးပြီဆိုတော့ သူတို့ အပြတ်တိုက်မှာပဲလေ”

တိုက်ပွဲတွေဟာ မြို့အနီးအနားကို ရောက်ရှိလာတာကြောင့် ဒေသခံတွေကတော့ ထွက်ပြေးတိမ်ရှောင်ချင်ကြပေမဲ့ စစ်ကောင်စီတပ်က တိမ်းရှောင်ခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။ လက်ရှိမြို့တွင်းမှာလည်း စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်နေသလို ကုန်ဈေးတွေလည်း အဆမတန် မြင့်တက်နေတာကြောင့် အတော်လေးကို ခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

အမ်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တစ်ရာကျော်ကို စစ်ကောင်စီဖမ်းဆီး

အမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေ


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ ရခိုင်ပြည်ရဲ့အကြီးဆုံး စစ်ကောင်စီတပ်စခန်းဖြစ်ပြီး တရုတ်စီမံကိန်းတွေ အဓိကရှိတဲ့ ကျောက်ဖြူမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေအတွက်ပါ အဓိက အရေးပါတဲ့နေရာဖြစ်ပါတယ်။ ဒီနပခဌာနချုပ်သာ ကျသွားရင် ရခိုင်တစ်ပြည်နယ်လုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်သွားမဲ့ အခြေအနေရှိသွားပြီလို့ အမည်မဖော်လိုတဲ့ ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

“စစ်ဌာနချုပ်တစ်ခု ကျဆုံးသွားမယ်ဆိုလို့ရှိရင် AA ရဲ့ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာကို ရရှိသွားဖို့အတွက် ရာခိုင်နှုန်းအများကြီး သေချာသွားပြီလို့ ပြောလို့ရတာပေါ့နော်။ ကျန်တဲ့တချို့ မသိမ်းပိုက်ရသေးတဲ့ မြို့တွေပေါ့လေ။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ် အဲဒီကျန်တဲ့မြို့တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှု အတိုင်းအတာပဲ ဖြစ်လာမလား။ စစ်ကောင်စီ ကင်းရှင်းသွားအောင် တိုက်ထုတ်မလား။ စစ်ရေး၊ နိုင်ငံရေး ဘယ်လို ဆွဲလာမလဲဆိုတာ စောင့်ကြည့်ရမဲ့အခြေအနေ ရှိတယ်လို့ မြင်ပါတယ်”

အခုလို အမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာ အချိန်တစ်နှစ်နီးပါးရှိနေပြီး ရခိုင်ပြည်နယ်က မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ပါတယ်။ နောက်ထပ် မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေပါတယ်။

(မှတ်ချက် - ဤသတင်းတွင် အာရက္ခတပ်တော် (AA) ပြောခွင့်ရသူနှင့် ဒေသခံများ၏ ပြောဆိုချက်များကို ဖြည့်စွက်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org