အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်
2024.10.08

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးက မဲတောင်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း အောက်တိုဘာလ ၈ ရက် ဒီနေ့မနက် အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
မဲတောင်ဗျူဟာကုန်းစခန်းဟာ စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နဲ့ ကိုးမိုင်ခန့်သာကွာဝေးပြီး ဒါဟာ တိုင်းစစ်ဌာနချုပ်ကို စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနေတာပါ။
အဲဒီ ဗျူဟာကုန်းစခန်းတွေမှာ စစ်ကိုင်းတိုင်းထဲက ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက် တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ - ၃၆၂၊ ၃၆၅၊ ၃၆၉နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတချို့လည်းရှိပါတယ်။
ဒီ့အပြင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ခြေမြန်တပ်ရင်း ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ စတဲ့တပ်တွေလည်း စုပေါင်းထားပြီး မဲတောင်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာ အခြေချတပ်စွဲထားတယ်လို့ ဆိုပါတယ်။
မဲတောင် ဗျုဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း AA က ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်ထဲက ဂွမြို့နယ် ကျိန္တလီ၊ တောင်ကုတ် မြို့နယ်တွေမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ကျိန္တလီချောင်းပေါ်က ကုလားပြင်တံတားထိပ်အနီးမှာရှိတဲ့ ကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ကုလားပြင်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ - ၃၄၆၊ ၅၄၄ နဲ့ တခြားတပ်စခန်းတွေကိုလည်း AA က ပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။