၁၀၂၇ စစ်ဆင်ရေးကို မြန်မာစစ်တပ်ဘယ်လို တုံ့ပြန်လာနိုင်သလဲ

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ၁၀ ၂၇ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။

ကွမ်းလုံမြို့ ခမရ (၃၁၂) တပ်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ The KoKang

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ၁၀ ၂၇ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ တော်လှန်တိုက်ခိုက်မှုတွေနဲ့ မြန်မာစစ်တပ်က ကြုံခဲ့ရပေမဲ့ အခုတစ်ကြိမ်လောက် ကြီးမားပြင်းထန်ပြီး စည်းချက်ညီတဲ့ တိုက်ခိုက်မှုမျိုး မကြုံရသေးပါဘူး။

ဒီ ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအနှံ့ ဖြန့်ကျက်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဟန်ချက်ညီညီနဲ့ အချိန်ကိုက် တိုက်ခိုက်ခဲ့တာဟာ စစ်ဆင်ရေး မစခင် သေသေချာချာ အချိန်ယူ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ် ချမှတ်ဆောင်ရွက်ခဲ့တာကို ပြသနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

အဲဒီနောက် ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကလည်း ပူးပေါင်း ပါဝင်လာပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀ ၂၇ စစ်ဆင်ရေးတွေ စတင်ပြီး မကြာခင်မှာပဲ ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တစ်နှစ်ကြာ အပစ်ရပ်ထားတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ မြန်မာစစ်တပ် စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာလည်း အလားတူ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်လာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ဒီမိုကရေစီအစိုးရတက်လာတဲ့ ဆယ်နှစ်ကလွဲရင် ကျန်တဲ့ နှစ်ပေါင်းငါးဆယ်ကို စစ်ခေါင်းဆောင်တွေက အုပ်ချုပ်ခဲ့ပါတယ်။ ဒီလို အုပ်ချုပ်တဲ့နေရာမှာ စစ်ခေါင်းဆောင်တွေဟာ divide-and-rule လို့ ခေါ်တဲ့ အတိုက်အခံ အင်အားစုတွေ တစ်စုတစ်စည်းတည်း မဖြစ်အောင် ခွဲခြားအုပ်ချုပ်တဲ့ ဗျူဟာကို ကျင့်သုံးခဲ့တာပါ။ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အဓိကစစ်အင်အားကို မြန်မာနိုင်ငံ အလယ်ဗဟိုမှာ စုစည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေကို ကျန်တဲ့အစွန်အဖျား ဒေသတွေကနေ ကူးစက်မလာအောင် ထိန်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုကြုံရတဲ့ ၁၀၂၇ စစ်ဆင်ရေးကတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ အတွေ့အကြုံအများကြီးရှိတယ်လို့ သူတို့ကိုယ် သူတို့ ပြောထားတဲ့ မြန်မာစစ်တပ်အတွက် အရှက်ရစရာ ဖြစ်သွားပါတယ်။

ဒါ့အပြင် ဒီ ၁၀၂၇ စစ်ဆင်ရေးကို မြန်မာစစ်တပ်ရဲ့တုံ့ပြန်ပုံကလည်း နှေးကွေးနေတာကို မဟာမိတ်တပ်ဖွဲ့တွေဘက်က ကောင်းကောင်း အသုံးချပြီး စစ်တပ်ရဲ့ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်းတွေ၊ စက်သေနတ်တွေနဲ့ သံချပ်ကာ တင့်ကားတွေကိုပါ အလွယ်တကူ သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) မှ တိုက်ခိုက်သိမ်းယူအပြီး ထုတ်ပြန်ထားစဉ်။ (Photo : The Kokang)

ဒီစစ်ဆင်ရေးရဲ့ အောင်မြင်မှုကို မြန်မာနိုင်ငံ တစ်ဝန်းက ပြည်သူတွေကလည်း သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ အနီးကပ် စောင့်ကြည့်နေကြပါတယ်။

ဒီ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုကြောင့် မြန်မာစစ်တပ်ဟာ အရှုံးနဲ့ ရင်ဆိုင်နေရပြီး မြို့ရွာတွေကို လက်လွှတ်နေရတဲ့အကြောင်း ထုတ်ဖော်ဝန်ခံလာရပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုတွေကြောင့် တိုင်းပြည် ပြိုကွဲသွားနိုင်တယ်လို့လည်း ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီ ၁၀၂၇ စစ်ဆင်ရေးက စတင်လိုက်တဲ့ တိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကယားနဲ့ စစ်ကိုင်းအပြင် အခြားဒေသတွေမှာပါ စစ်တပ်ရဲ့ အုပ်စိုးမှုကို လိုက်ပါတွန်းလှန်လာကြမလား ဆိုတာ အခုအချိန်မှာတော့ မှန်းဆဖို့ ခက်နေသေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြန်မာစစ်တပ်ဟာ အရှုံးနဲ့ ရင်ဆိုင်ရပြီး ဂုဏ်သိက္ခာ ကျဆင်းနေပေမဲ့ အလွယ်တကူ အလျှော့ပေးမယ့် လက္ခဏာတော့ မရှိပါဘူး။ အထူးသဖြင့် သူတို့ရဲ့ အာဏာသိမ်း အုပ်ချုပ်မှုကို ပြည်သူတွေ ဘယ်သူကမှ မကြိုက်ကြတဲ့အတွက် ပြည်နယ်တိုင်း ဒေသတွေ တစ်ခုပြီး တစ်ခု ပြိုလဲကုန်တာမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူးလို့ ရိုက်တာက သုံးသပ်ပါတယ်။

မြန်မာစစ်တပ်မှာ အင်အားနည်းနေတယ် ဆိုပေမဲ့လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေမှာ မရှိတဲ့ လက်နက်ကြီးတွေနဲ့ အပြင်လေကြောင်းက တိုက်ခိုက်နိုင်နေ ပါသေးတယ်။

ဒါကြောင့်လည်း မြန်မာစစ်တပ်ဟာ ဒီလက်နက်တွေကို အသုံးပြုပြီး ရန်သူလက်နက်ကိုင်အဖွဲ့တွေကို တစ်ချက်တည်းနဲ့ ဘယ်လို အလဲထိုးရမလဲဆိုတာ စောင့်ကြည့်တွက်ချက်နေတာ ဖြစ်နိုင်ပါတယ်လို့ ရိုက်တာက သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ စစ်သည်အင်အားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်ချထားရတဲ့အတွက် စစ်ပန်းနေသလို တိုက်ခိုက်နိုင်စွမ်းလည်း အကန့်အသတ်နဲ့ ရှိနေတာပါ။ ဒီလိုအချိန်မှာ သူတို့မှာ ရှိသမျှအင်အားကို တစ်နေရာရာမှာ ပုံအော အသုံးချလိုက်ရင်၊ ကျန်တဲ့ နေရာတွေမှာ လစ်ဟာသွားပြီး၊ နီးစပ်ရာ လက်နက်ကိုင်အဖွဲ့က ဝင်သိမ်းသွားမှာပါ။

ဒီးမော့ဆိုမြို့နယ်၊ စစ်တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်များနှင့် စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (photo : MOD)

ဒါကြောင့်လည်း မြန်မာစစ်တပ်ဟာ သူတို့မှာ အကန့်အသတ်နဲ့ပဲ ရှိနေတဲ့ လက်နက်ခဲယမ်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်ဒေသက တိုက်ပွဲတွေအတွက် အထိရောက်ဆုံး အသုံးချမလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အရေးကြီးနေပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ လက်နက်နဲ့ လူသူအင်အား ပြုန်းတီးမှုတွေကို ဘယ်သူ့ဘက်က ကြာကြာတောင့်ခံနိုင်သလဲဆိုတာ စမ်းသပ်မှုဖြစ်လာမှာပါ။

ဖြစ်နိုင်ခြေရှိတာ တစ်ခုကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ နိုင်ငံရဲ့အစွန်အဖျား နယ်စပ်ဒေသအချို့ကို ပြန်လည်သိမ်းယူဖို့ မကြိုးစားတော့ဘဲ အဆုံးရှုံးခံလိုက်ဖို့ ဖြစ်ပါတယ်။ အဲဒီနောက် ရှိသမျှ စစ်အင်အားကို နိုင်ငံအလယ်ပိုင်းမှာပဲ စုစည်းချထားပြီး တိုင်းရင်းသားအဖွဲ့တွေ ရှေ့ဆက်မတိုးနိုင်အောင် တောင့်ခံထားမယ့် နည်းလမ်းဖြစ်ပါတယ်။

ဒီနည်းလမ်းကြောင့် မြန်မာစစ်တပ်အတွက် အလုံးစုံ ဆုံးရှုံးခံစရာ မလိုတဲ့အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ ဝင်ရောက်လာတဲ့အတွက် စိုးရိမ်ပူပန်နေတဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ သုံးနိုင်ငံစလုံးကလည်း လက်သင့်ခံနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ ရိုက်တာက သုံးသပ်ထားတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org