ဇူလိုင် ၇ ရက် ဖြိုခွဲမှုအမှတ်တရ ဒဂုံတက္ကသိုလ်မှာ ကျင်းပ

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက်ချေမှုန်းလို့ အမြောက်အမြား သေဆုံးခဲ့ရမှုအတွက် အမှတ်တရအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ သောကြာနေ့ မနေ့က ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ၂၀၁၉ ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့သော ဇူလိုင် ၇ ရက် ဖြိုခွဲမှုအမှတ်တရ အခမ်းအနား။ Photo:Dagon University Students' Union

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက်ချေမှုန်းလို့ အမြောက်အမြား သေဆုံးခဲ့ရမှုအတွက် အမှတ်တရ အခမ်းအနား ကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ သောကြာနေ့ မနေ့က ကျင်းပခဲ့ပါတယ်။

တက္ကသိုလ် သုံးခုပေါင်းပြီးကျင်းပတဲ့ အဲဒီအခမ်းအနားမှာ ပြဇတ်၊ ဟောပြောပွဲ၊ ကဗျာရွတ်ပွဲ နဲ့ ဓာတ်ပုံပြပွဲတွေ ပါဝင်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့  ဒုတိယနှစ်ကျောင်းသား ကိုမင်းဟန်ထက်က RFA  ကိုပြောပါတယ်။

“ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ရယ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်ရယ်၊ ဒဂုံတက္ကသိုလ်ရယ် ပေါင်းပြီးလုပ်တာပါ။ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်းကို ကျနော်တို့ ပြဇာတ်ကဖြစ်ပါတယ်။ နောက် စကားဝိုင်းဆွေးနွေးပွဲပေါ့။ ဦးကိုကိုကြီးနဲ့ မသီတာ (စမ်းချောင်း) ပါတယ်။ နောက်ပြီးတော့ ကဗျာ ရွတ်ပွဲပါတယ်။ ဓာတ်ပုံပြပွဲမှာတော့ ၆၂ ကဗုံးခွဲခံရတဲ့ သမဂ္ဂအဆောက်အဦး အပျက်အစီးတွေ၊ စစ်သားတွေက ဝင်ပစ်တဲ့ပုံတွေပေါ့”

မိမိတို့ တက္ကသိုလ်ကျောင်းသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ကျောင်းသားတွေ ခေတ်အဆက်ဆက် ပါဝင်လှုပ်ရှားခဲ့ပုံကို သိရှိဖို့ လိုပါတယ်လို့လည်း ကိုမင်းဟန်ထက် က ပြောပါတယ်။

“ဒီဘက်ခေတ်လူငယ်တွေဖြစ်တဲ့ ကျနော်တို့က သမိုင်းကို အလိမ်ခံထားရတယ်ခင်ဗျ။ ပြည်သူတွေပေါ်မှာ ပြစ်မှုတွေ  ကျူးလွန်ခဲ့သူတွေက ဖခင်ကြီးတွေသဖွယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တတန်းတည်းထားပြီး နေကြတဲ့ အခြေအနေမျိုးတွေရှိတယ်။ ကျနော်တို့က ကျောင်းသားထုကို ငါတို့ အတိတ်သမိုင်းမှာ ဒီလိုရှိခဲ့တယ်ဆိုတာကို သိစေချင်တယ်။ ကျောင်းသားတွေ၊ ပြည်သူတွေပေါ်မှာ သူတို့တွေက ဒီလိုမျိုးကျူးလွန်ခဲ့တယ် ဆိုတာ ကျနော်တို့ ပြောပြချင်တယ်။ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အခုချိန်ထိ သူတို့ဝန်ခံခြင်း တောင်းပန်ခြင်း မရှိသေး ပါဘူး။ ကျနော်တို့ တက္ကသိုလ်ဝင်းထဲမှာ ကျနော် လေ့လာမိသလောက်ပေါ့။ ကျောင်းသား အများစုက ဒီ သမဂ္ဂ အဆောက်အအုံဆိုတာ ဘယ်အချိန်က ဘယ်လို စပြီးရှိခဲ့သလဲ ဆိုတာတောင် မသိကြတော့ဘူး။ အလွန်ဆုံး သိရင်တောင် ဒီ ရှစ်လေးလုံးလောက်ကိုပဲ ရိပ်ဖမ်းသံဖမ်း သိကြတော့တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်”

မနေ့က ကျင်းပတဲ့ အခမ်းအနားကို ကျောင်းသား ၂ဝဝ ခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) က မနက်ဖြန် ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ စိုက်ပျိုးရေး မှတ်တိုင်ကနေ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်း နေရာအထိ လမ်းလျှောက်ဆန္ဒပြကြဖို့ နှိုးဆော်နေတဲ့ ကြေညာချက်တခုလည်း ပေါ်ထွက်နေပါတယ်။ အဲဒီ ချီတက်ပွဲမှာ ပါဝင်မယ့် ကျောင်းသားဟောင်းတဦးက ၇ ရက်နေ့ မတိုင်မီ အခုလို အခမ်းအနား ကြိုတင်ပြုလုပ်တာကို သူတို့ ကျောင်းသားဟောင်းတချို့က ဆန့်ကျင်တယ်လို့ RFA ကိုပြောပါတယ်။

၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဒီမိုကရေစီအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးရှေ့  ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို  စက်သေနတ်တွေနဲ့ ပစ်ခတ်ချေမှုန်းခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဇူလိုင် ၈ ရက် မနက်လင်းအားကြီးမှာတော့ ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်တွေနဲ့ ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

အဲဒီ ဇူလိုင် ၇ ရက်နေ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားအရေအတွက်ကို အစိုးရက ဆယ်ဂဏန်းပဲရှိတယ်လို့ပြောပေမယ့် ပါဝင်ခဲ့တဲ့ကျောင်းသားတွေနဲ့ မျက်မြင်သက်သေတွေက ကျောင်းသား တရာကျော်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့အချိန်အထိ အဲဒီဖြိုခွဲမှုမှာ အမှန်တကယ်သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသလို ကျောင်းသား သမဂ္ဂကို ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ အပြန်အလှန် စွပ်စွဲ ပြောကြားခဲ့ဖူးပေမယ့် အခုအချိန်ထိ ဘယ်သူက အမိန့်ပေးခဲ့တယ်ဆိုတာ တိကျတဲ့ အဖြေမထွက်သေးပါဘူး။

( RFA အဖွဲ့သား ဦးခင်မောင်စိုး စုစည်းတင်ပြသည် )

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org