အာဏာသိမ်း ရှစ်လအတွင်း NLD ပါတီဝင် ၄၅၈ ဦး ဖမ်းဆီးခံထားရ
RFA က စုဆောင်းရရှိထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး ရှစ်လအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင် စုစုပေါင်း ၄၅၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ နောက်ထပ် ဖမ်းဆီးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်း မှာတင် NLD ပါတီဝင် တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
- 2021-10-06
-
-
-
RFA က စုဆောင်းရရှိထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး ရှစ်လအတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင် စုစုပေါင်း ၄၅၈ ဦးရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လတည်းမှာ ပဲခူးတိုင်း သာယာဝတီမြို့က လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် NLD ပါတီဝင် ၁၀၉ ဦးအထိ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံရသူတွေထဲမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၉၁ ဦးအထိပါဝင်နေသလို ပါတီထိပ်ပိုင်းခေါင်းဆောင် ၁၉ ဦးအနက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၁၅ ဦးဟာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတာ ဖြစ်ပါတယ်။
စစ်တပ်က NLD ပါတီနဲ့ သက်ဆိုင်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးတာကြောင့် လွတ်မြောက်နေဆဲ ပါတီ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း မူလနေရပ်တွေမှာ မနေရဲကြတော့ဘဲ ဘေးလွတ်မယ့်နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ ရပ်တည်ရေး အတော်လေးရုန်းကန် နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“စစ်တပ်ရဲ့ ပစ်မှတ်ထားဖမ်းဆီးမှုတွေကြောင့် NLD ပါတီဝင်တွေ ရပ်တည်ဖို့ ခက်ခဲတာတွေ အများကြီး ရှိပါတယ်။ ဖမ်းချင်တဲ့သူ မမိရင် မိသားစုဝင်ထဲက ရှိတဲ့သူကိုဖမ်းတယ်။ ပြီးတော့ ပါတီရုံးခန်းတွေကို ဥပဒေမဲ့ ဝင်ရောက်ဖျက်ဆီးတာတွေ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာ၊ ဆိုင်းဘုတ်တွေ ဖြုတ်ချပေးဖို့ အိမ်ရှင်ကို ဖိအားပေးခြိမ်းခြောက်တာတွေဟာ ပါတီရဲ့ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်အောင် ပါတီအနား လူတွေမကပ်ရဲအောင် တမင်ရည်ရွယ်ပြီး လုပ်နေတာဖြစ်သလို ရှိသမျှ လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီဝင်တွေဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ တိမ်းရှောင်နေရတဲ့အခါမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ စိတ်မလုံခြုံမှု တွေကို နေ့စဉ်ရင်ဆိုင်နေရတာပါ”
ဒီလိုလုပ်ဆောင်တာဟာ စစ်တပ်အနေနဲ့ လူထုနဲ့ တစ်သားတည်းရပ်တည်နေတဲ့ NLD ပါတီကို ပျက်စီးစေချင် လို့ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီလို အခက်အခဲတွေကြားကပဲ NLD ပါတီဝင်တွေနဲ့ လွှတ်တော်အမတ်တွေဟာ လူထုလက်ထဲကို အာဏာ ပြန်အပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူကပြောပါတယ်။
NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီနဲ့ ပတ်သက်သူတွေကို ပစ်မှတ်ထားဖမ်းဆီးနေဟာ မဖြစ်သင့်ဘူးလို့ ၀ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က ပြောပါတယ်။
“တကယ်ဆိုရင် ဒါမျိုးလုပ်တာကတော့ မဖြစ်သင့်ဘူး။ စစ်တပ်ရဲ့မကျေနပ်မှုတွေကတော့ ရှိရင်ရှိမှာပေါ့။ တကယ်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့မှန်းထားတဲ့ အဖြေ မထွက်လာလို့ပါ။ NLD ကို လူထုကတော့ အားပေးနေမှာပဲလေ။ ဒါပေမဲ့ လူထုကလည်း NLD ကို ကြိုက်တာမျိုးတော့ မဟုတ်ဘူးဗျ။ စစ်တပ်ရဲ့လုပ်ဆောင်ချက်ကြောင့် NLD ကိုပုံပေးတာပဲ”
စစ်တပ်အနေနဲ့ NLD ပါတီကို ဖျက်သိမ်းဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုရင် အကျိုးဆက်အနေနဲ့ ဒီမိုကရေစီစနစ်ကို ဆက်သွားလို့ ရမှာမဟုတ်တော့ဘူးလို့လည်း ဦးညီပလုပ်က ထောက်ပြပါတယ်။
"စစ်တပ်ရဲ့မကျေနပ်မှုတွေကတော့ ရှိရင်ရှိမှာပေါ့။ တကယ်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့မှန်းထားတဲ့ အဖြေ မထွက်လာလို့ပါ။"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်ကတော့ စစ်ကောင်စီအနေနဲ့ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတာကြောင့် NLD ပါတီကို ဖျက်သိမ်းတဲ့အထိ ဆောင်ရွက်မယ်လို့ မထင်ကြောင်း ပြောပါတယ်။
“တကယ်လို့သာ NLD ကို ဖျက်သိမ်းမယ်ဆိုရင် PR စနစ်တွေဘာတွေ ဘာမှလုပ်စရာ မလိုတော့ဘူးလေ။ ၂၀၁၀ တုန်းကလို တစ်ခါတည်း ရွေးကောက်ပွဲလုပ်လိုက်ရုံပဲ။ အခု PR စနစ်ကိုလုပ်မယ်လို့ ပြောနေကြတာ ဆိုတော့ ၂၀၁၀ တုန်းကလို မဟုတ်ဘဲ NLD ကို ပါဝင်ခွင့်ပြုမယ်လို့ ကျွန်တော်ယူဆတာပေါ့။ PR စနစ် လုပ်မှပဲ NLD က တစ်ဖက် စောင်းနင်း သောင်ပြိုကမ်းပြိုနိုင်တာမျိုး မဟုတ်တော့ဘဲ စစ်တပ်က လိုချင်တဲ့ ပါတီလေးဘာလေးလည်း ပါလို့ရအောင်ပေါ့ “
စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ NLD ပါတီကို ပစ်မှတ်ထား နေတာမဟုတ်ပေမယ့် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ် နေတာကြောင့် ဖမ်းဆီးအရေးယူနေရတာ ဖြစ်တယ်လို့တုံ့ပြန်ပါတယ်။
“မြန်မာပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လှုံ့ဆော်တာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကျူးလွန်တာ ဆက်စပ်တာတွေရှိရင်တော့ NLD အဖွဲ့ဝင်မှ မဟုတ်ဘူး ကျန်တဲ့သူတွေလည်း အဖမ်းခံရမှာပဲ ဖြစ်တယ်။ ဒါကြောင့် သတင်းစာ ရှင်းလင်းပွဲမှာ NLD နဲ့ NLD အစွန်းရောက်တွေလို့ ပြောတာပဲဖြစ်တယ်။ အဲဒီထဲမှာလည်း NLD ပါတီဝင်တွေနဲ့ တချို့လွှတ်တော်အမတ်တွေ ဖမ်းဆီးမခံရတာတွေ အများကြီး ရှိတယ်။ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ အစွန်းမရောက်တဲ့ လွှတ်တော်အမတ်တွေဆိုရင် ဒီအတိုင်းပဲ နေနေတာပဲဖြစ်တယ်။ ဖမ်းဆီးခြင်းတို့ ချုပ်နှောင်ခြင်းတို့ မရှိပါဘူး”
ဒါပေမဲ့ စစ်တပ်ဟာ NLD ပါတီကို ဖျက်သိမ်းဖို့အထိ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုတော့ တုံ့ပြန်စရာမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လူထုက ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁,၁၁၇ ဦးရှိရာမှာ NLD ပါတီက ၉၂၀ ဦးပါဝင်တာကြောင့် ဒါဟာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် အဲဒီရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့သလို NLD လွှတ်တော် အမတ်တွေနဲ့ ပါတီဝင်တွေကို လိုက်လံဖမ်းဆီးခဲ့တာပါ။ RFA က ရရှိထားတဲ့ စာရင်းတွေအရ အဲဒီလို ဖမ်းဆီးခံရတဲ့ NLD ပါတီဝင်တွေထဲမှာ အမျိုးသမီး ၆၀ ဦးအထိ ပါဝင်ပါတယ်။
ဒါ့အပြင် NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း နဲ့ ပဲခူးတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့ဟာ ထောင်ထဲမှာ အကျဉ်းကျခံနေရစဉ် သေဆုံးခဲ့ရသလို ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်က NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်၊ ရွှေပြည်သာမြို့နယ် ‘စု’ အသက်မွေး ဝမ်းကျောင်းပညာတာဝန်ခံ ဦးဇော်မြတ်လင်း၊ ဇဗ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော်၊ မန္တလေးမြို့က NLD ပါတီဝင် ကိုသိန်းထွန်းဦး (ခ) ကိုဖက်တီးတို့ လေးဦးကတော့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာသေဆုံးခဲ့ပါတယ်။