အာဏာသိမ်းပြီးနောက် စစ်ကောင်စီပစ်ခတ်မှုကြောင့် ကလေးငယ် ၂၄၂ ဦးသေဆုံး
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ကလေးငယ် ၂၄၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
- 2022-11-21
-
-
-
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ကလေးငယ် ၂၄၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက် ဒီကနေ့ ထုတ်ပြန် ပါတယ်။
ဒီအပြင် ကလေးငယ် ၃၇၂ ဦး ဖမ်းဆီးအကျဉ်းချခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"ကလေးတွေကို ကလေးပီပီသသနဲ့ ရှင်သန်ကြီးထွားမှုကိုပါ ပိတ်ပင်တားဆီးနေပါတယ်"
ဒီအချက်အလက်တွေကို ကာယကံရှင်မိသားစုဝင်တွေရဲ့ အတည်ပြုချက်အပေါ် အခြေခံပြီးပြုစုထားတာလို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
"အမှန်မှန်တော့ ဒီထက်များနိုင်ပါတယ်၊ ကျမတို့က သက်သေတွေ တိကျတဲ့ အချက်အလက်တွေပါမှ စာရင်းထဲမှာ ထည့်တာဆိုတော့လေ၊ ကာယကံရှင်က မတိုင်ကြားတာတွေလည်းရှိမယ်၊ သက်သေကောက်လို့ မရတာတွေလည်းရှိမယ်၊ ကျမတို့က ဆော့ဖ်ဝဲ သေသေချာချာ မှတ်တမ်းတင်ထားတဲ့အတွက်ကြောင့် ကျမတို့ဘက်မှာ ခိုင်ခိုင်မာမာရှိပါတယ်"
သေဆုံးခဲ့တဲ့ ကလေးငယ်အများစုဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့်ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ကလေးငယ်အများစုဟာလည်း ဓားစာခံအနေနဲ့ ဖမ်းဆီးခံထားရတာလို့ နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
နိုဝင်ဘာ ၁၆ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက ဂြစ်ချောင်းရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်လေးဦးအပါအဝင် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနေ့က အသက် ၈ နှစ်အရွယ် ယောကျာ်းလေး ငင်ဝိုင်ရဲ့မျက်နှာဟာ လက်နက်ကြီး ကျည်ကြောင့် အစိတ်အစိတ်အမွှာမွှာ ပွင့်ထွက်ပြီး သေဆုံးခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ခေါင်ပေါ်က ကျတာပေါ့၊ ကလေးတွေက ဝင်ပြီးထမင်းစားတဲ့အခါ အိမ်ခေါင် ဖောက်ပြီး ကျလာတော့ ထိသွားတာ၊ အဲဒီကလေးဟာ ၇ နှစ် ၈ နှစ်လောက်ရှိမယ်၊ ယောကျာ်းလေးပါ၊ ဂြစ်ချောင်းနဲ့မောင်တောဆေးရုံကို ပို့တဲ့လမ်းမှာ ဆုံးတယ်၊ မျက်နှာက အစိတ်စိတ်အမွှာမွှာ ပွင့်ထွက်သွားတယ်"
ဒီလက်နက်ကြီးကျည်တွေကို AA အဖွဲ့က ပစ်ခတ်ခဲ့တာလို့ နိုဝင်ဘာလ ၁၇ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေကတော့ မောင်တောမြို့နယ်၊ စစ်ကောင်စီတပ် ကြိမ်ချောင်း (၂၄) ဗျုဟာက ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ဒီအပြင် စစ်ကောင်စီဟာ သူ့အာဏာတည်မြဲရေးအတွက် လသားအရွယ် ကလေးငယ် တွေပါမချန် ဖမ်းဆီးထောင်ချတာနဲ့ နှိပ်စက်သတ်ဖြတ်နေတယ်လို့ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က အသက် ၁၆ နှစ်အရွယ်ကိုးတန်းကျောင်းသား မောင်ကျော်မင်းခန့်မောင်ဟာ ၂၀၂၁ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် မောင်ကျော်မင်းခန့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခဲ့ပြီး၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၆ ဓားပြမှုနဲ့ ထပ်မံစွဲဆိုထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ဖြစ်စေချက်တာကတော့၊ ကလေးမှာ အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေး စေချင်တယ်၊ ဒလန်တွေက ဖမ်းပြီးတော့ ပို့ပေးတာ၊ ဒလန်တွေကပဲ လက်လုပ်ဗုံး တွေ့လို့ဆိုပြီး ပြောတော့ ကျနော်တို့ ဥပဒေအရလည်း အရင်လို ကာကွယ်ပိုင်ခွင့် မရှိဘူးလေ၊ ၃၉၆ ဆိုတာ ဘာမှမဆိုင်ဘူး၊ ၃၉၆ လို့ တပ်တာက သူ့ကိုမဖမ်းခင်ညက အိမ်တစ်အိမ်မှာ လေးလောင်းပြိုင် လူသတ်မှုရှိတယ်၊ အဲဒါကို ဆွဲထည့်တာ။ တရားခံမမိလို့ စစ်နေတာ၊ အဲဒီနေ့က CCTV လည်း ပေါ်တယ်ဗျာ၊ ဒီအမှုတွေ မစွဲစေချင်ဘူး"
ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဖမ်းဆီးထားသူတွေထဲမှာ ကလေးသူငယ်တွေ ပါဝင်နေတာကို ဝန်ခံထားပြီး သူတို့ကို သက်သက်ညှာညှာနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဒီနှစ် သြဂုတ်လ ၁၇ ရက်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခံနေရတယ်လို့ မှတ်ချက်ပြုပါတယ်။
"အကြမ်းဖက်တဲ့ နေရာတွေမှာ ကလေးသူငယ်တွေ သေဆုံးတာ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးမှု၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေ ဒါတွေက သိသာထင်ရှားတဲ့ ကလေးသူငယ်တွေအပေါ်မှာ ချိုးဖောက်မှုပါ။ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ဆောင်မှုတွေက လက်ရှိကလေးတွေရဲ့ အသက်ရှင်ခွင့်ကို ထိခိုက်တဲ့ အခွင့်အရေးချိုးဖောက်မှုတင် မကဘူး၊ ကလေးတွေအတွက် မလုံခြုံတဲ့ ဘဝတစ်ခုလုံး၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ အခြေအနေ တစ်ခုလုံး ဖန်တီးပေးနေပါတယ်။ ဒါ့အပြင် ကလေးတွေကို ကလေးပီပီသသနဲ့ ရှင်သန်ကြီးထွားမှုကိုပါ ပိတ်ပင်တားဆီးနေပါတယ်"
ကလေးသူငယ်သေဆုံးမှုမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ၈၂ ဦးအထိ သေဆုံးခဲ့တာပါ။ ကလေးငယ်ဖမ်းဆီးခံရမှု အများဆုံးကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ၈၉ ဦးဖမ်းဆီးခံထား ရတာပါ။
နိုဝင်ဘာလ ၂၀ ရက်မှာ ကျရောက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နဲ့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့မှာတော့ အမျိုးသားညီညွတ်ရေး အစိုးရက ကုလသမဂ္ဂနဲ့ ကလေးသူငယ် အရေးဆောင်ရွက်နေသူတွေအနေနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ပြန်လည်ရရှိရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။