၂၁ ရာစုရဲ့ ပထမဆုံး နွေရာသီ ဆိုင်ကလုန်း

နွေရာသီဖြစ်ပေမယ့် ဒီနှစ် ၂၀၂၂ ခုနှစ် မတ်မှာ ဒီကာလမျိုးမှာ ရှားရှားပါးပါးဖြစ်ပွားတဲ့ မုန်တိုင်း မြန်မာနိုင်ငံကို ဝင်သွားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားတဲ့ လေဖိအားနည်းရပ်ဝန်းဟာ Asani လို့ နာမည်ပေးတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းပြီး မြန်မာနိုင်ငံကို ဝင်လာတာပါ။

၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က Asani မုန်တိုင်းဝင်ရောက်ပြီး လပွတ္တာမြို့ ကို တွေ့ရစဉ်။ Photo: Citizen Journalist

နွေရာသီဖြစ်ပေမယ့် ဒီနှစ် ၂၀၂၂ ခုနှစ် မတ်မှာ ဒီကာလမျိုးမှာ ရှားရှားပါးပါးဖြစ်ပွားတဲ့ မုန်တိုင်း မြန်မာနိုင်ငံကို ဝင်သွားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားတဲ့ လေဖိအားနည်းရပ်ဝန်းဟာ Asani လို့ နာမည်ပေးတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းပြီး မြန်မာနိုင်ငံကို ဝင်လာတာပါ။

ဒီလို ဘင်္ဂလားပင်လယ်အော်မှာ အထူးသဖြင့် ခုလို မတ်လထဲ ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပွားတာက ရှားပါးတဲ့ ဖြစ်ရပ်လို့ ကမ္ဘာတစ်လွှားက မိုးလေဝဿ အခြေအနေတွေကို ဖော်ပြတဲ့ Weather Channel က ပြောပါတယ်။

၁၉၀၁ ခုနှစ်ကစလို့ မှတ်တမ်းယူခဲ့ပြီး ခုလို နွေရာသီမှာ ဘင်္ဂလားပင်လယ်အော်ထဲ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားတဲ့ ဖြစ်ရပ်က ခြောက်ကြိမ်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခု Asani မုန်တိုင်းက ခုနစ်ကြိမ်မြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ရုံမက ၂၁ ရာစုမှာ နွေရာသီမှာ ပထမဆုံးဖြစ်ပွားတဲ့ မုန်တိုင်းလို့ ပြောပါတယ်။

၁၈၉၁ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ရှစ်ကြိမ်ပဲ တိုက်ခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဌာနကလည်း ပြောပါတယ်။ အာရေဗျပင်လယ်မှာ နှစ်ကြိမ်နဲ့ Weather Channel က ပြောတဲ့အတိုင်း ဘင်္ဂလားပင်လယ်အော်မှာ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မတ်လထဲ ဖြစ်လေ့မရှိပေမယ့် ၂၁ ရာစုမှာ ပထမဆုံး ဖြစ်ပွားတဲ့ ဆိုင်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံကို ဝင်ရောက်တာပဲ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲတဲ့အတွက် ဒီလို ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ သဘာဝဖြစ်ရပ်တွေ ပိုများလာမယ်လို့ ပညာရှင်တွေကလည်း သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ရာသီဥတု ဒါမှမဟုတ် ရေနဲ့ ဆက်စပ်တဲ့ သဘာဝဘေးကြောင့် ပျမ်းမျှ တစ်နေ့ကို လူ ၁၁၅ ယောက်သေဆုံးပြီး နေ့စဉ် အမေရိကန်ဒေါ်လာ ၂၀၂ သန်းဖိုး ဆုံးရှုံးရတယ်လို့ ၂၀၂၁ အတွက် WMO ကမ္ဘာ့မိုးလေဝသဌာနက ထုတ်ပြန်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စာရင်းအင်း အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ IPCC ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းအဖွဲ့က ဒီနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ နောက်ဆုံး အစီရင်ခံစာမှာလည်း ကမ္ဘာကြီး တစ်နှစ်ထက်တစ်နှစ် ပိုပူနွေးလာတာ ပြင်းထန်တဲ့ ရာသီဥတုတွေ မကြာမကြာ ကြုံရမယ်လို့ သတိပေးထားပါတယ်။

သဘာဝပတ်ဝန်းကျင်အချင်းချင်း အပြန်အလှန်ထိန်းညှိတဲ့ ဂေဟစနစ် ဟန်ချက်ပျက်တဲ့အတွက် သဘာဝဘေးတွေ ကြုံရပါတယ်။

ရေနံ၊ ကျောက်မီးသွေးလို ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းတာ၊ စက်ရုံအလုပ်ရုံနဲ့ ယာဉ်တွေက မီးခိုးငွေ့တွေ ထုတ်လွှင့်တာတွေကြောင့် လေထုထဲ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေ လိုတာထက်များပြီး ကမ္ဘာကြီး ပူနွေးရတာမို့ ဒါတွေက လူသားတွေက ဖန်တီးတဲ့ ဖြစ်ရပ်တွေလို့ ပြောကြပါတယ်။

မတ် ၂၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့မိုးလေဝသနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ပြောကြားတဲ့ မိန့်ခွန်းမှာလည်း လူကြောင့် ဖြစ်ရတဲ့ ရာသီဥတု အနှောင့်အယှက်က ခုနေရာအနှံ့ ထိခိုက်နေပါပြီ၊ ကုလသမဂ္ဂ IPCC ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းအဖွဲ့က မကြာခင်က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခုလက်ရှိ ဖြစ်ပျက်ခံစားနေရတာတွေကို အသေးစိတ်ဖော်ပြထားတယ်လို့ ပြောသွားပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က Asani မုန်တိုင်းဝင်ရောက်ပြီး လပွတ္တာမြို့ ကမ်းနားတစ်နေရာကို တွေ့ရစဉ်။

ဒီနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာမှာ ကမ္ဘာကြီး တစ်နှစ်ထက်တစ်နှစ် ပိုပူနွေးလာတာ ပြင်းထန်တဲ့ ရာသီဥတုတွေ မကြာမကြာ ကြုံရမယ်လို့ သတိပေးထားပါတယ်။ ရာသီဥတု ပြောင်းလဲတာက နေရာဒေသအနှံ့ သဘာဝပျက်စီးစေပြီး ကမ္ဘာတစ်ဝန်းက ဘီလီယံနဲ့ ချီတဲ့ လူတွေရဲ့ နေမှုထိုင်မှုဘဝကို ထိခိုက်စေမယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း သဘာဝဘေးအန္တရာယ်တွေက ငါးဆတိုး ဖြစ်ပွားလာပေမယ့် စောစောစီးစီး သတိပေးနိုင်တာနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစနစ်တွေကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်တယ်လို့ ပြောပါတယ်။

LDC လို့ ပြောတဲ့ မြန်မာနိုင်ငံလည်း စာရင်းဝင်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ ဒါမှမဟုတ် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေနဲ့ SIDS လို့ ပြောတဲ့ ဖွံ့ဖြိုးဆဲ ကျွန်းငယ်နိုင်ငံတွေမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှာကို စောစောစီးစီး သတိပေးဖို့နဲ့ ဒီအန္တရာယ်သက်ရောက်မှု နည်းအောင် စီမံခန့်ခွဲဖို့ လာမယ့် ငါးနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့လိုတယ်လို့ WMO က ပြောပါတယ်။

သဘာဝဘေးကျရောက်မှာကို စောစောစီးစီး သတိမပေးနိုင်ရင် ကြိုတင် မစီမံနိုင်ရင် အပျက်အစီး အဆုံးအရှုံးများတယ်ဆိုတာ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းက သင်ခန်းစာ ပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org