ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် နေအိမ်တွေ တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းက ဦးဖြိုးဇေယျာသော်ရဲ့ နေအိမ်ကို ဇူလိုင်လ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ အမည်မသိလူအုပ်စုက ခဲတွေ၊ လေးခွတွေနဲ့ လာရောက်ပစ်ပေါက်ခဲ့ပါတယ်။

ကျောက်တံတားမြို့နယ်ရှိ ဦးဖြိုးဇေယျာသော်ရဲ့ နေအိမ်သို့ လာရောက်တိုက်ခိုက်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဉ် Photo: CJ

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းက ဦးဖြိုးဇေယျာသော်ရဲ့ နေအိမ်ကို ဇူလိုင်လ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ အမည်မသိလူအုပ်စုက ခဲတွေ၊ လေးခွတွေနဲ့ လာရောက်ပစ်ပေါက်ခဲ့တယ်လို့ အနီးနားမှာနေသူတွေက ပြောပါတယ်။

Light Truck ကား ခုနှစ်စီးနဲ့ လူဦးရေ ၄၀ ခန့်ဟာ ဦးဖြိုးဇေယျာသော်ရဲ့ နေအိမ်ကို ခဲ၊ လေးခွ၊ ခရမ်းချဉ်သီးတွေနဲ့ ပစ်ခဲ့သလို အော်ဟစ်ကြိမ်းမောင်း ဆဲဆိုခဲ့ကြတာလို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

လာရောက်သူတွေဟာ တပ်ထောက်ခံသူတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်ပြုမယ့် စကားတွေပါ ပြောသွားတယ်လို့ အဲဒီအနားမှာ ကိုယ်တိုင်တွေ့ခဲ့သူ တစ်ဦးက RFA ကိုပြောပါတယ်။

" ခဲတွေ၊ လေခွတွေ၊ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ပြီး ဆဲဆိုနေကြတာ။ ကြည့်ရတာတော့ စစ်တပ်ထောက်ခံသူတွေ ဖြစ်ဖို့များတယ်။ တော်တော်ယုတ်မာကြတာ။ အသက်ကြီးတဲ့ သူတွေကိုပါ အသက်အန္တရာယ်ပြုမယ့် စကားတွေလည်း ပြောသွားတယ်”

စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေ ရောက်လာချိန်မှာတော့ ကားတွေအသီးသီးနဲ့ မောင်းပြေးသွားကြပြီး နောက်တစ်ခါ ထပ်လာဦးမယ်လို့ ပြောသွားကြောင်းလည်း အနီးအနားနေသူတွေက ပြောပါတယ်။

အလားတူ ဦးဂျင်မီမိဘတွေရဲ့ အင်းစိန်မြို့နယ်က နေအိမ်ကိုလည်း နေ့လယ် ၁ နာရီ ခန့်လောက် Light Truck ကား ငါးစီး၊ Dyna ကားနှစ်စီးနဲ့ တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူ ၃၀ နီးပါး ရောက်လာပြီး ခဲတွေနဲ့ ပစ်ပေါက်သွားကြတယ်လို့ အနီးအနားရှိသူတစ်ဦးက ပြောပါတယ်။

“ ကိုဂျင်မီအိမ်ကို ဝိုင်းတဲ့သူတွေက ထီးထဲမှာ ဓားတွေထည့်ပြီး လူသုံးဆယ်လောက် လာတာပါ။ ရပ်ကွက်က ထွက်လာတော့ ပြန်ထွက်သွားကြတယ်။”

ဒီလူတွေဟာ ဘယ်အဖွဲ့အစည်းကလဲဆိုတာနဲ့ ဒီလိပ်စာတွေကို ဘယ်လိုရခဲ့သလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ထွက်လာတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ ဆဲဆို ကြိမ်းမောင်း သံတွေနဲ့အတူ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကြောင် အသက်ဆုံးရှုံးသူတွေ အများကြီး ရှိခဲ့ကြောင်း သူတို့ဟာ သစ္စာဖောက်တွေဖြစ်ကြောင်း စတဲ့ မိသားစုကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စကားတွေပြောဆိုနေတာ တွေ့ရပါတယ်။

စစ်ကောင်စီထောက်ခံသူတွေရဲ့ Telegram ချန်နယ်တွေမှာတော့ “ လူများစွာကို အကြမ်းဖက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့ အကြမ်းဖက်ခေါင်းဆောင် သူ့သားအတွက် ဂုဏ်ယူတယ်ဆိုတဲ့ ဖြိုးဇေယျာသော်ရဲ့ မိဘအိမ်ရှေ့မှာ အကြမ်းဖက်မှုကို မလိုလားတဲ့
ပြည်သူတွေက စုဝေးကာ ဆန္ဒထုတ်ဖော်ခဲ့တယ်” လို့ ရေးသားထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org