အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

လယ်ကွက်အနီးတွင် ဇေကမ္ဘာကုမ္ပဏီက ဘူဒိုဇာများနဲ့ မြောင်းများတူးထားပြီး မြေများပုံထားပုံ Photo: Sai Tun Aung Lwin

လယ်သမားတွေ စိုက်ပျိုးထားတဲ့ လယ်မြေဧက ၅ ဧကလောက်ကို မနေ့က မနက်ပိုင်းမှာ  ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ဦးဆောင်တဲ့အဖွဲ့ကနေ မြေထိုးစက်တွေနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် လယ်သမား ၈ဝ ခန့်ဟာ လယ်ကွင်းထဲ တနေကုန်လာရောက် စောင့်ကြပ်နေခဲ့ကြတယ်လို့ ရွှေနံ့သာ ကျေးရွာနေ လယ်သမား ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ လယ်သမားတွေ စိုက်ထူထားတဲ့ လယ်ယာမြေ ဥပဒေဆိုင်ရာ ဆိုင်းဘုတ်တွေကိုလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြောင်းနဲ့ အာဏာပိုင်တွေ ရောက်ရှိလာပြီး နောက်ပိုင်း လူစုခွဲသွားကြောင်း သိရပါတယ်။

စုစုပေါင်း ဧက ၈ဝဝ ကျော်ရှိတဲ့ အဲဒီလယ်မြေတွေကို ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံ စက်မှုဇုန်စီမံကိန်း တိုးချဲ့ဖို့ဆိုကာ၂ဝ၁ဝ ခုနစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ လက်ရှိ လယ်ယာမြေ အမျိုးအစားအဖြစ် တည်ရှိနေဆဲဖြစ်ကာ လယ်သမားတွေကလည်း ထွန်ယက်စိုက်ပျိုးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org