ဖားကန့်က အလွတ်သတင်းထောက် ကိုဇော်ဝင်းမောင် ပြန်လွတ်လာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်ဝင်းမောင်ဟာ အောက်တိုဘာ ၂၈ ရက် မနေ့မှာ မိုးညှင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ဖားကန့်မြို့ခံတွေက RFA ကို ပြောပါတယ်။
- 2022-10-29
-
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်ဝင်းမောင် ဟာ အောက်တိုဘာ ၂၈ ရက် မနေ့မှာ မိုးညှင်းအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ဖားကန့်မြို့ခံတွေက RFA ကို ပြောပါတယ်။
ကိုဇော်ဝင်းမောင်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ ခုနစ်လ ကျခံခဲ့ရတာဖြစ်ပြီး လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ပြန်လွတ်လာတာ ဟုတ်တယ်။ ကျန်းမာရေး ကောင်းတယ်။ ပြန်လွတ်တာက နှစ်ဦး။ နောက်တစ်ဦးကတော့ ဘယ်သူလဲ မသိရသေးဘူး။ ကိုဇော်ဝင်းမောင်က ပြည်တွင်းမီဒီယာတွေမှာ အလွတ် သတင်းထောက် လုပ်တာပါ”
ကိုဇော်ဝင်းမောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလတုန်းက ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုမှာ ညဆီမီးသပိတ်ကို သတင်းယူနေချိန် ဖမ်းဆီးခံခဲ့ရတာလို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ အကျဉ်းကျခံနေရတဲ့ ဖားကန့်မြို့အခြေစိုက် သတင်းထောက် ကိုနောင်ရိုး ပြန်လည်လွတ် မြောက်ခဲ့ပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ဖမ်းဆီး ထိန်းသိမ်းခံရသူ သတင်းသမား ၁၄၂ ဦးထဲက ၃၆ ဦးဟာ ပြစ်ဒဏ်အသီးသီးချမှတ် ခံထားရပြီး ၁၁ ဦးကတော့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
ကျန်တဲ့ ၉၅ ဦးကတော့ ပုဒ်မအမျိုးမျိုးနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။