NLD အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကွယ်လွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ဦးဇော်ဌေးဟာ မေလ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
- 2022-05-23
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင် ခဲ့သူလည်းဖြစ်တဲ့ ဦးဇော်ဌေးဟာ မေလ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
"ဒီမနက်ပဲ နေပြည်တော်မှာ ဆုံးသွားတာပါ။ Heart Attack ပဲ ဖြစ်ဖို့ များပါတယ်။ အခု နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ" လို့ ဦးဇော်ဌေးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
အသက် ၄၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးဇော်ဌေးဟာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် အစိုးရ အရာရှိတာဝန်ကနေ အနားယူပြီး နေပြည်တော်မှာ ဆက်လက် နေထိုင်နေတာပါ။
သူဟာ စစ်ကောင်စီထံ အလုပ်ဆက်လုပ်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် နေပြည်တော်မှာရှိတဲ့ စစ်ကြောရေး ရိပ်သာတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ပြန်လည်လွတ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဦးဇော်ဌေးဟာ စစ်တက္ကသိုလ် အပတ်စဉ်-၃၇ ဆင်းဖြစ်ပြီး လက်ရှိ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်တက္ကသိုလ် အပတ်စဉ်တူဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ ဝန်ကြီးချုပ်ရုံး မှာ အစိုးရအရာရှိအဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရတစ်ပိုင်းဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ သမ္မတရုံး ညွှန်ကြားရေးမှူးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
ဦးဇော်ဌေးဟာ NLD အစိုးရလက်ထက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့တာပါ။
အစိုးရအဆက်ဆက် နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့ရသူ ဦးဇော်ဌေးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူဝါဒ ခိုင်မာတဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဦးဇော်ဌေးဟာ NLD အစိုးရဲ့ ပြောရေးဆိုခွင့်ရရှိသူတစ်ဦးအနေနဲ့ အစိုးရရဲ့ သဘောထား၊ အာဘော်တွေကို လစဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲတွေ ကျင်းပပြီး ရှေ့ထွက်ပြောခဲ့သူ တစ်ဦး ဖြစ်သလို NLD အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်အရေးကိစ္စဖြေရှင်းရာမှာ အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်အားကိုးမှုကိုလည်း ရရှိခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပေါ်ပြူလာဂျာနယ်နဲ့ မေးမြန်းခန်းတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD အစိုးရက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ လုပ်မှား ကိုင်မှားတွေရှိရင် အစိုးရက တာဝန်ယူရမယ်ဆိုတဲ့ ပြောဆိုချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်မှုတွေနဲ့ မတည်ငြိမ်မှုဖြစ်စေရေးကိုသာ အားပေးရာရောက်ကြောင်း ဦးဇော်ဌေးက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ကြောင့် ဦးဇော်ဌေးဟာ စစ်တပ်ရဲ့ ငြိုငြင်မှုကို ခံခဲ့ရတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအပြီး ၂၀၂၁၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြုလုပ်တဲ့ ဦးဇော်ဌေးရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာလည်း ရွေးကောက်ပွဲအရှုံးကိုလက်မခံဘဲ မဟုတ်မမှန် ဝေဖန်ပြောကြားနေတဲ့ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေ အနေနဲ့ “ကိုယ့်နိုင်ငံရေးကိုယ် ပြန်သတ်သည့် နိုင်ငံရေး ဆွဲကြိုးချခြင်း” ဖြစ်လိမ့်မယ်လို့ ဦးဇော်ဌေးက ဝေဖန် ပြောဆိုခဲ့ပါတယ်။