“ဝ”နဲ့မိုင်းလားကို ထိန်းချုပ်ဖို့ တရုတ်နဲ့ပေါင်းပြီး ဖိအားပေးရမယ်လို့ စစ်ကောင်စီပြော

ကျားဖျန့်လိုခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရပါမယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်း ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းနေစဥ်။ MRTV

ကျားဖျန့်လိုခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံ အခြေစိုက် Phoenix Media နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အောက်တိုဘာလ ၂၃ ရက်က ဖြေကြားပြောဆိုမှုတွေကို စစ်ကောင်စီရဲ့ သတင်းစာတွေကနေ အောက်တိုဘာ ၃၀ ရက် ဒီကနေ့မှာ ဖော်ပြခဲ့တာပါ။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ဆိုရင် “ဝ”နဲ့မိုင်းလား ဒေသဟာ တရားဥပဒေနဲ့အညီ နေထိုင်ဖို့နဲ့ တရားဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့လိုတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဝ” နဲ့မိုင်းလား နယ်မြေထဲကို တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာ အခြားပြဿနာတွေ ဆက်ရှိနေမှာဖြစ်ပါတယ်”

အဖွဲ့အစည်းအမည်ကို အတိအကျ ထုတ်မပြောပေမယ့် ဒီလို ငွေလိမ်ဂိုဏ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကာကွယ်ပေးနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲထားပါတယ်။

ဒါကြောင့် အဲဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးတဲ့နေရာမှာ မပါဝင်ဖို့ သတိပေးထားတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဝ”နဲ့ မိုင်းလားဒေသမှာ ၁၉၉၀ ပြည့်နှစ်က ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာ WY စိတ်ကြွဆေးပြဿနာနဲ့ အခု အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာတွေဖြစ်နေပြီး တရားဥပဒေစိုးမိုးရေး မလုပ်နိုင်ဘူးဆိုရင် ဒီလိုပြဿနာတွေ ဆက်ဖြစ်လာမှာပဲလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒါကြောင့် အဲဒီ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ၂၀၂၃ နှစ်ကုန်မှာ အမြစ်ပြတ် ချေမှုန်းဖို့ စီစဉ်ထားကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီဒေသတွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် အွန်လိုင်း ငွေလိမ်ဂိုဏ်း ပြဿနာကို စစ်ကောင်စီဘက်က မကိုင်တွယ်နိုင်ဖြစ်နေပြီး တရုတ်အစိုးရက ဝင်ရောက်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပြောခွင့်ရသူ ဦးညီရမ်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောစရာ မရှိတဲ့အကြောင်းသာ RFA ကို ပြန်လည် ဖြေဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ) မှာ ရှမ်းပြည်နယ်ထဲက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း (ပန်ခမ်း) မြို့နယ်ခြောက်ခုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က ထိန်းချုပ်ထားပါတယ်။

မိုင်းလားဒေသမှာတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းက နန့်ပန်း၊ မိုင်းလား၊ ဆီလူး စတဲ့ဒေသတွေ ပါဝင်ပြီး အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) က ထိန်းချုပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org