ဘန်ကီးမွန်းရဲ့ ရိုဟင်ဂျာအမည် သုံးနှုန်းမှုအပေါ် ရန်ကုန် မှာ ထောင်နဲ့ချီ ကန့်ကွက်ဆန္ဒပြ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း ရဟန်းသံဃာတော်တွေ အပါအဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ ရန်ကုန်မြို့ခံ ၁၀၀၀ ကျော်လောက် က ရန်ကုန်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ကုလအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာနာမည် ခေါ်ဝေါ်သုံးစွဲမှုအပေါ် ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ဆန္ဒပြစဉ် Photo: Thiha Tun,Tun Myint/RFA

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကို ကန့်ကွက် ရှုတ်ချကြောင်း ရဟန်းသံဃာတော်တွေ အပါအဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ ရန်ကုန်မြို့ခံ ၁၀၀၀ ကျော်လောက်က ရန်ကုန်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ဘန်ကီမွန်းအနေနဲ့ သံတမန်ကျင့်ဝတ်ကို အလေ့အနက်မထားဘဲ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲခဲ့တာကြောင့် ကန့်ကွက် ဆန္ဒပြရတာဖြစ်တယ်လို့ ရခိုင်လူငယ်များအဖွဲ့က ကိုဇော်လင်းအောင်က ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံဟာ ကိုလိုနီလက်အောက် အဆက်ဆက်မှာ သန်းခေါင်စာရင်းကောက်ခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်၊ ဒီမှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာဆိုတဲ့လူမျိုး မရှိခဲ့ဘူး၊ ဒီမရှိခဲ့တဲ့လူမျိုးကို ပုံဖော်ဖို့ကြိုးစားတာက ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာနဲ့အတူတူပဲလို့ ကျနော်တို့ကခံယူတယ်၊ မြန်မာနိုင်ငံခရီးစဉ်မှာ ကုလအတွင်းရေးမှူး ဘန်ကီမွန်းက ရိုဟင်ဂျာဆိုတဲ့နာမည်ကိုပဲ သုံးစွဲသွားတယ်၊ ဒီအပေါ်မှာ ကျနော်တို့နားလည်ထားတာက ကုလသမဂ္ဂဆိုတာ အကြီးမားဆုံး သံတမန်အသိုင်းအဝိုင်းပါ၊ ဒီလိုအကြီးမားဆုံး သံတမန်အသိုင်းအဝိုင်းက သံတမန်ကျင့်ဝတ်ကို အလေးအနက်မထားပဲနဲ့ ရိုဟင်ဂျာဆိုတဲ့နာမည် အသုံးအနှုန်းကို သုံးနှုန်းသွားတဲ့အပေါ်မှာ ကျနော်တို့ ကန့်ကွက်ချင်လို့ ဒီဆန္ဒပြပွဲမှာ ပါဝင်ရခြင်းဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကနေ တာမွေမြို့နယ် ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဟောပြောပွဲလည်း ကျင်းပခဲ့ကြပါတယ်။

ရိုဟင်ဂျာအမည်ကို ကုလသမဂ္ဂရဲ့ တရားဝင် ရုံးသုံးအဖြစ်ကနေ ပယ်ဖျက်ပေးဖို့၊ ရခိုင်ဒေသမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်မျှတအောင် ကူညီပေးဖို့ တောင်းဆိုချက်တွေပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း ရခိုင်လူမှုအဖွဲ့အစည်းတွေက ဒီကနေ့ နေ့စွဲနဲ့ မစ္စတာ ဘန်ကီမွန်း ထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org