YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ် စက်ရုံက အလုပ်သမားတစ်ထောင်ကျော် ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့ အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတစ်ရုံမှ ဆန္ဒပြနေသော အလုပ်သမားများကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံ အတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆို ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေ တောင်းဆိုနေတဲ့ နေ့စဉ်ကြေး ကျပ် ၅၀၀ တိုးပေးဖို့အချက်ကို အလုပ်ရှင်ဘက်က တစ်ရက် ကျပ် ၉၀ တိုးပေးနိုင်မယ်လို့ မနေ့က အကြောင်းပြန် လာတာကြောင့် ဒီနေ့ ဆက်လက်ဆန္ဒပြ တောင်းဆိုနေ တာလို့ ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်သူ မခင်နီလာစိုး က ပြောပါတယ်။

"သူများစက်ရုံတွေဆိုရင် အခုတလော ဆန္ဒပြတဲ့ စက်ရုံတွေရော၊ ဆန္ဒမပြတဲ့ စက်ရုံတွေရော တချို့ကျတော့ ၁၃ဝဝဝ တိုးတယ်၊ တချို့ကျတော့ ၁၅ဝဝဝ တိုးတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တစ်နေ့ကို နေ့ကြေး ၅ဝဝ တိုးတောင်းထားတာပေါ့နော်၊ အဲဒါကို မနေ့က သူဌေးက ညှိပေးတယ်၊ နေ့ကြေး ၅ဝဝ တောင်းတာ ၉၀ တိုးပေးတယ်၊ ဘယ်လိုမှ သဘောမတူဘူး၊ ဒီနေ့ဆက်ညှိဖို့စောင့်နေတာ၊ ညနေ ၄ နာရီသာထိုးတာ တစ်ချက်မှလာမညှိဘူး"

လုပ်သက်အပေါ်မူတည်ပြီး အလုပ်သမားတွေရရှိတဲ့ နေ့စားခက ကျပ် ၃၀၀ ကနေ လုပ်သက် ၇ နှစ်ရှိသူတွေက တစ်နေ့ကို ကျပ် ၁၂၀၀ အထိ ရရှိကြပါတယ်။  

တစ်ချိန်ထဲမှာလည်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Grate Well ဖိနပ်စက်ရုံမှာ နေ့စဉ်ကြေးတိုးပေး ဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့ အလုပ်သမား ၄၀၀ နီးပါးလောက်ဟာ ဒီနေ့ အလုပ်ရှင်နဲ့ ပြေလည်မှု ရရှိခဲ့ပါတယ်။

Grate Well ဖိနပ်စက်ရုံမှာ နေ့စဉ်ကြေး တစ်နာရီငွေကျပ် ၁၅၀ ရရှိနေတာကနေ တစ်နာရီ ငွေကျပ် ၁၇၀ အထိ တိုးပေးဖို့၊ တစ်လကို ရှားပါးစရိတ် တစ်သောင်းငါးထောင်ပေးဖို့ တောင်းဆိုရာမှာ ဒီနေ့ အလုပ်ရှင်က နေ့စဉ်ကြေး ကို တစ်နာရီ ၁၆၀ ကျပ် တိုးပေးပြီး ရှားပါးစရိတ်ကို ၈၇၀၀ ကျပ် တိုးပေးလိုက်တဲ့အတွက် ပြေလည်မှုရရှိခဲ့တာပါ။

ဒါပေမဲ့ အလုပ်သမားတွေဘက်က ဆန္ဒပြခဲ့တဲ့ နှစ်ရက်စာကို မဖြတ်တောက်ဖို့အတွက် ဆက်လက်တောင်းဆိုနေ ကြဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org