ရေဦးနဲ့ ဒီပဲယင်းမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးရ
ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2023-12-17 -
-
-
စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ အင်အားရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၁၆ ရက် မနေ့က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်မနေ့က ရေဦးမြို့ပေါ်ကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မစိုးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးခဲ့တာကြောင့် ရေဦးမြို့နယ်ထဲက မစိုးရိမ်၊ မုတ်စီ၊ ဒီပဲယင်း မြို့နယ်ထဲက အောင်ချမ်းသာ၊ ကံပျား၊ ပျော်ဘွယ် စတဲ့ရွာတွေ အပါအဝင် ရွာခုနစ်ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးဒေသခံတစ်ဦးကတော့ မစိုးရိမ်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မစိုးရိမ်ရွာထဲ စီးနင်းခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးကြရတာလို့ RFA ကို ပြောပါတယ်။
“မိုင်းဆွဲခံရပြီးတော့ မစိုးရိမ်ရွာထဲကို ဝင်လာတာ။ အဲဒီရွာကအမြဲတမ်း ထွက်ပြေးနေ ရတာ။ ကားလမ်းဘေး ရွာတွေဖြစ်နေတော့လေ။ အဲဒီရွာမှာလည်း အခုက စစ်ကြောင်းရှိလား၊ မရှိလား မသိရသေးတော့ ဒေသခံတွေက မပြန်ရဲကြဘူး”
အဲဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်ဘက်အခြမ်းကို သွားမှာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနတချို့က ဝန်ထမ်းတွေကို ရေဦးမြို့ကို ရွှေ့ပြောင်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်ဘက်အခြမ်း အောင်းချမ်းသာရွာကို မီးရှို့နေပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘူးလို့ ဒီပဲယင်းဒေသခံတွေက RFA ကို ပြောပါတယ်။
ရေဦးနဲ့ ဒီပဲယင်းမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကတော့ မနေ့က မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရခဲ့တယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်ထဲက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အပေါ် စစ်ကောင်စီရဲ့ စစ်ကိုင်တိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော် ရှိလာပြီဖြစ်ပါတယ်။