မဲစာရင်းမှာမပါသူကို မဲပေးခွင့်ပြုခဲ့လို့ ကန့်ကွက်တာတွေရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်နဲ့ ပထမဆုံးအကြိမ် ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူနည်းတာ၊ မဲစာရင်းထဲမပါသူတချို့ကို မဲပေးခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။
-
2019-03-31 -
-
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်နဲ့ ပထမဆုံးအကြိမ် ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူနည်းတာ၊ မဲစာရင်းထဲမပါသူတချို့ကို မဲပေးခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်မှာ စည်ပင်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းမှာ မပါသူတွေကို မဲပေးခွင့်ပြုလို့ဆိုပြီး ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်တာတွေ ရှိနေပါတယ်။
လင်းလွန်းမြောက်ရပ်ကွက်က မဲရုံ ၁၊ ၂၊ ၃၊ ၄ တို့မှာ မဲပေးခွင့်ရှိသူစာရင်းအရ ၄ ထောင်ကျော်ရှိပြီး မဲစာရင်းမှာမပါတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေဟာ ဒီနေ့မနက်က မဲရုံတွေမှာ မဲလာပေးရာမှာ မဲစာရင်းမှာမပါလို့ မဲပေးခွင့်ဆုံးရှုံး ရမယ့် အခြေအနေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအခြေအနေမှာ စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ လက်ရှိမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဒီရပ်ကွက် မှာနေထိုင်ကြောင်း မှန်ကန်သူတွေကို မဲပေးခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုခွင့်ပြုလိုက်တာကြောင့် မဲရုံ ၃ နဲ့ ၄ တို့မှာ မဲစာရင်းထဲ မပါဘဲ မဲပေးခဲ့သူ ၃၂ ယောက် ရှိခဲ့ရာ အဲဒီမဲဆန္ဒနယ်မှာ အရွေးခံတဲ့ စည်ပင် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်ခဲ့ကြတာပါ။ ဥပဒေအတိုင်း မဲစာရင်းမှာမပါရင် မဲပေးခွင့်မရှိကြောင်း ပြန်လည်ဆုံးဖြတ်လိုက်ပေမယ့် မဲပေးခဲ့ပြီးဖြစ်တဲ့ ၃၂ ယောက်ရဲ့ မဲတွေနဲ့ပတ်သက်လို့ တိုင်းရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၄ သိန်းကျော်ရှိပြီး ဒီနေ့ မဲလာပေးသူဟာ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့က ဒီနေ့ညနေပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်နဲ့ မဇာဏီထွဏ်းတို့ ပေးပို့တာပါ။