ရေဖြူမြို့နယ်က အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ် ဇာဒီရွာမှာ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ပစ်သတ်ပြီး အလောင်းကို တပ်ဆေးရုံမှာ မိသားစုဝင်တွေက ပြန်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ Citizen Journalist

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ဇာဒီရွာမှာ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ပစ်သတ်ပြီး အလောင်းကို တပ်ဆေးရုံမှာ မိသားစုဝင်တွေက ပြန်ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုရဲ့ ရုပ်အလောင်းကို ဧပြီလ ၇ ရက်မှာ စစ်ကောင်စီရဲ့ မောရဝတီ ရေတပ်ဆေးရုံကနေ မိသားစုဝင်တွေက ပြန်လည်ထုတ်ယူခဲ့တာပါ။

ဆိုင်ကယ်တားတာကို မရပ်လို့ ပစ်သတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဇာဒီကျေးရွာရဲ့ သစ်လှတောရပ်ကွက်မှာဖြစ်တာပေါ့။ စစ်ကြောင်းကားနဲ့တိုးတာ။ ဒီဘက်မှာတော့ စစ်ကောင်စီက ခြေလျင်စစ်ကြောင်းရယ်လို့မရှိဘူး။ ကားနဲ့ပဲ လာတာ ပေါ့။ ခုက မောင်းပြေးလို့ မသင်္ကာလို့ပစ်တဲ့ ပုံစံပေါ့။ ရော်ဘာခြံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ လမ်းမှာ အပစ်ခံရတာ”

ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ပစ်ခတ်ခံရပြီးနောက် ကိုအောင်ကိုဟာ အဲဒီညမှာပဲ သွေးထွက်လွန်ပြီး ကွယ်လွန်သွားတာလို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုအောင်ကိုမှာ ကိုယ်ဝန်သည်ဇနီးဖြစ်သူနဲ့ အသက် လေးနှစ်အရွယ် သမီးတစ်ယောက် ကျန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ ဦးယဉ်ထွေးကတော့ ဒီဖြစ်စဉ်ကို မသိရသေး ဘူးလို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့အထိ ဒီမိုကရေစီရေးလှုပ်ရှားသူ တွေအပါအဝင် ပြည်သူ ၃၂၂၅ ဦး သေဆုံးခဲ့ပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org