ယောဒေသ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရိက္ခာနဲ့ ဆေးဝါးလိုအပ်

ယောဒေသလို့ လူသိများတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ရွာပေါင်း ၂၂ ရွာမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ

ယောဒေသလို့ လူသိများတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ရွာပေါင်း ၂၂ ရွာမှာ စစ်ဘေး ဒုက္ခသည် တစ်သောင်းကျော်ရှိနေပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် အဲဒီဒေသက ရွာတွေဆီ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးခဲ့လို့ စစ်ဘေးဒုက္ခသည်တွေ တဖြည်းဖြည်းတိုးလာကာ ခုချိန်ထိ နေရပ် မပြန်နိုင်ကြတာ တစ်နှစ်ကျော်ကြာနေပြီလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

"အခုက နွေရာသီဆိုတော့ ရေရှားနေတော့ အသက်ကြီး ရွယ်အိုတွေက တအားပူတယ်"

အဲဒီယောနယ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ရဲ့ စစ်ကြောင်းထိုးခံရတာ၊ ရွာမီးရှို့ခံရတာ၊ စားနပ်ရိက္ခာတွေ ယူဆောင်၊ ဖျက်ဆီးခံရတာတွေကြောင့် စစ်ဘေးဒုက္ခ သည်တွေဟာ ရိက္ခာလိုအပ်နေရတာလို့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီ (YRCIDP) က ကိုနွေဦးက ပြောပြပါတယ်။

“လူ ၃ဝဝ ကျော်လောက်ရှိတဲ့စခန်းမှာ တစ်ရက်ကို ဆန် သုံးတင်းခွဲ၊ လေးတင်းလောက် ကုန်တယ်ဗျ။ အခုက လုံလောက်တဲ့အနေအထားကတော့ မရှိဘူးဗျ။ တစ်နေ့သွားပို့လိုက် တစ်နေ့ကုန်သွားလိုက် အဲဒီလိုပုံစံမျိုး။ ရှိတဲ့သူဆီမှာ အလှူခံလိုက် တစ်ခါသွားပို့လိုက်၊ စားလိုက်၊ နောက်နေ့အလှူခံလိုက် အဲဒီလိုပဲ လုပ်နေရတယ်ဗျ။ စစ်ဘေးရှောင်တွေက ကိုယ်လက်အင်္ဂါ မသန်စွမ်းတာလည်းပါတယ်။ ကိုယ်ဝန်ဆောင်တွေပါတယ်။ မွေးကင်းစ ကလေးတွေပါတယ်။ ခြောက်နှစ်၊ ခုနစ်နှစ် ကလေးတွေလည်းပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့ အဘိုးကြီးတွေ ပါတယ်ဗျ”

အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည်အများစုက ပြန့်ကျဲပြီး တစ်နေရာစီဖြစ်နေတာပါ။ ဒါပေမဲ့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီ (YRCIDP) က စစ်ဘေးဒုက္ခသည်တချို့ကို စုစည်းပြီး စခန်းဖွင့်ထားပါတယ်။

ဒီလိုစခန်းမျိုးတွေမှာ ရိက္ခာအပြင် ဆေးဝါးလိုအပ်နေသလို ဆေးကုပေးမယ့် ဆရာဝန်လည်း မရှိပါဘူး။

မီးရှို့ခံရတဲ့ ရွာတွေက ဒေသခံတချို့ကလည်း တော၊ တောင်ထဲမှာ နေထိုင်ကြရပြီး ဆေးဝါး နဲ့ ရိက္ခာရရှိနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ နှမ်းခါးရွာ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“အခက်အခဲကတော့ ရှိတာပေါ့။ အခုက နွေရာသီဆိုတော့ ရေရှားနေတော့ အသက်ကြီး ရွယ်အိုတွေက တအားပူတယ်။ ရေကြောင့် ဒုက္ခတွေ အများကြီးရောက်ရတယ်။ ဆေး ဝါးတို့၊ ကုန်ခြောက်တွေက ရှားတယ်ရှင့်။ ကလေးဘက်က လမ်းကြောကလည်း ပိတ် ထား၊ ဂန့်ဂေါလမ်းပဲရှိတော့ ဂန့်ဂေါကပဲ ဝယ်ယူစားသောက်နေရတယ်”

နှမ်းခါးရွာဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာနဲ့ မီးရှို့တာတို့ကို အကြိမ်ကြိမ် ခံနေရတာကြောင့် ဒေသခံတွေ ရွာထဲပြန်မနေရဲတော့တာ ပြီးခဲ့တဲ့နှစ် မေလကဆိုတော့ အခုဆို တစ်နှစ်ပြည့်နေပါပြီ။

ဒီဒေသက အိမ်ခြေ ၂ဝဝ ဝန်းကျင်ရှိတဲ့ စန်းမြို့ရွာဟာလည်း မီးရှို့ခံရပြီးနောက် အိမ်ခြေ လေးလုံးပဲကျန်တော့ပြီး အခုနှစ်စ ဇန်နဝါရီကစလို့ ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

တောထဲတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စန်းမြို့ရွာခံတွေအတွက် အမိုးအကာ လိုအပ် နေတယ်လို့ စမ်းမြို့ရွာ ဒေသခံက ပြောပါတယ်။

“အဓိကအဆင်မပြေတာကတော့ မိုးကာပေါ့ဗျာ။ မိုးကာက ဝယ်နိုင်တဲ့သူလည်းရှိသလို မဝယ်နိုင်တဲ့သူလည်းရှိတယ်။ အိမ်မီးလောင်တာကတော့ လောင်ပြီးပြီဆိုတော့ မတတ် နိုင်တော့ဘူးပေါ့ဗျာ။ အဓိက ခံစားချက်က အရေးတော်ပုံကြီး အောင်ချင်တာပေါ့ဗျာ။ အရေးတော်ပုံအောင်သွားမှ အန္တရာယ်ကင်းကင်းနဲ့ နေရမှာ။ တစ်ခုရှိတာက ပျူစောထီးက အနီးကပ်ရှိနေတာဆိုတော့ အချိန်တိုင်း သတိနဲ့ နေရာတာပေါ့ဗျာ”

ဂန့်ဂေါမြို့နယ်ထဲမှာ စစ်အာဏာသိမ်းပြီး ၁၄ လအတွင်း နှမ်းခါးရွာ၊ ထယ်လှော်ရွာ၊ ကျွန်းတက်၊ မိုးစို၊ သင်တောရွာ၊ ရွှေဘိုရွာ၊ ကံတိုးရွာ၊ စန်းမြို့ရွာ စတဲ့ ရွာပေါင်း ၁၁ ရွာဟာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ)

ယောဒေသတစ်ခုလုံးမှာဆိုရင် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေဟာလည်း ၅ဝဝ ကျော်ရှိနေ တယ်လို့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီ (YRCIDP) က ကောက်ယူထားတဲ့ စာရင်းတွေအရ တွေ့ရပါတယ်။

သိပ်မကြာခင်လတွေမှာပဲ မိုးရာသီကို ကြုံတွေ့ရတော့မယ့် အညာဒေသက စစ်ဘေး ဒုက္ခသည်တွေဟာ မိုးကာ၊ ခြင်ထောင်နဲ့ ဆေးဝါးတို့ကို အဓိက လိုအပ်နေပြီး ဒီအတွက် လှူဒါန်းပေးကြဖို့လည်း ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ (YRCIDP) က အကူအညီ တောင်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းခြောက်သောင်းကျော်ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာ မှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

အရပ်သား နေအိမ်၊ အဆောက်အအုံ၊ ဈေးနဲ့ ကျောင်းပေါင်း ရှစ်ထောင်ကျော်လည်း ပျက်စီး ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အများဆုံးလို့ UN OCHA က ဖော်ပြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org