ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကိစ္စ ဖြေလျော့ပေးမယ်လို့ ဝန်ကြီးချုပ် ကတိပေး

ရတနာပုံတက္ကသိုလ် ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားပေးရေးအတွက် ဆန္ဒပြတဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြေလျော့ ဆောင်ရွက်ပေးသွားဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ တွေ့ခဲ့တဲ့ ကျောင်းသားကိုယ်စားလှယ်တွေကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Khaymani Win/RFA

ရတနာပုံတက္ကသိုလ် ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်းထမ်း တိုးမြှင့်ချထားပေးရေးအတွက် ဆန္ဒပြတောင်းဆို ခဲ့တာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံးဖြေလျော့ ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသား ၇ ဦးကို မနေ့က ဒုတိယအကြိမ် တရားရုံးထုတ်အပြီးမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ တွေ့ဆုံခွင့်ရဖို့  မန္တလေးတိုင်းအစိုးရရုံးရှေ့မှာ ကျောင်းသားတွေ လာရောက်တောင်းဆိုခဲ့ကြပြီး ဒီနေ့ တွေ့ဆုံခွင့် ရခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်က ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ တရားခံကို မိဖို့ကြိုးစားနေကြောင်း၊  သူူရဲ့လုပ်ပိုင်ခွင့်ရှိသလောက် အဖမ်းခံရတဲ့ ကျောင်းသားတွေကိစ္စ ပြေလျော့အောင် ကြိုးစားပေးမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသား ကိုမင်းထက်မြတ်က ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆွေးနွေး ကတိပေးတဲ့အတိုင်း ဖြစ်လာမလားဆိုတာကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

"လူသတ်မှုတွေနဲ့ ပတ်သက်လို့ တရားခံကိုမိဖို့ ကြိုးစားနေတယ်။ ဝန်ကြီးချုပ်အနေနဲ့ကတော့ သူူရဲ့လုပ်ပိုင်ခွင့် ရှိသလောက် ကျောင်းသားတွေကိစ္စကို ပြေလျော့အောင် ကြိုးစားပေးပါမယ်ဆိုတော့ ဘယ်လောက်လုပ်ပိုင်ခွင့် ရှိလို့ ဘယ်လိုလုပ်ပေးမယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ဝန်ကြီးက အဲလိုပြောပေမဲ့ ဒီတိုင်းပဲဆက်ဖြစ်နေ တယ်ဆိုရင် ဆွေးနွေးသော်လည်း အားရကျေနပ်စရာမဖြစ်ဘူးပေါ့"

ဒီနေ့ မန္တလေးတိုင်းအစိုးရရုံးမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ၊ တရားလွှတ်တော်ရှေ့နေချုပ်နဲ့ ကိုယ်စားပြုကျောင်းသား သုံးဦးတို့ ပါဝင်တယ်လို့ ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရအနေနဲ့ ကျောင်းတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးနေကြောင်း ပြောခဲ့တယ်လို့ ပခုက္ကူတက္ကသိုလ် ကျောင်းသား ကိုသက်မောင်မောင် ကပြောပါတယ်။

"အစိုးရတာဝန်ရှိသူတွေနဲ့တွေ့တယ်။ ဝန်ကြီးချုပ်အနေနဲ့ ကတိကဝတ်ပေးတယ်။ မန္တလေးတိုင်းအတွင်းက ကျောင်းတွေက လူသတ်မှုတွေနဲ့ ပတ်သက်လို့လည်း ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောတယ်။"

ကျောင်းသား ၇ ဦးဟာ မီးရှို့မှု၊ အားပေးအားမြောက်မှုနဲ့ အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစည်ဥပဒေပုဒ်မတွေနဲ့ မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတာ အချိန်တစ်လခန့် ကြာမြင့်ပြီဖြစ်ပြီး အမရပူရတရားရုံးမှာ အမှုရင်ဆိုင်နေရ တာဖြစ်ပါတယ်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသား ကိုမင်းထက်မြတ်က ဝန်ကြီးချုပ်အနေနဲ့ လုပ်ပေးမယ်ဆိုတဲ့ ကတိစကားကို တည်စေချင်တယ်လို့ အခုလို ပြောပါတယ်။

"တကယ်ကြိုးစားပေးပါ။ မဟုတ်ဘူးဆိုရင် ကတိကဝတ်ပဲ ပေးလိုက်တယ်ဆိုရင် ကြိုးစားပေးမယ်လို့ ကျောပုတ်လိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ မဟုတ်ဘူးဆိုရင် ကျောင်းသားတွေ ပိုပြီးဆူမယ်ဆို နှစ်ဖက်လုံးအတွက် မကောင်းဘူး"

တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို တရားရုံးထုတ်ချိန်တွေမှာ ဆန္ဒပြတာတွေ မပြုလုပ်ဖို့လည်း တိုင်းအစိုးရအဖွဲ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက မိတ္ထီလာတက္ကသိုလ်က ကျောင်းသူတစ်ဦး အရိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org