အဖမ်းခံ ကျောင်းသားများ အမှု ထူးခြားမှုမရှိရင် ဆက်ပြီး တောင်းဆိုမည်
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၇ ဦးနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အမှုကိုဖြေလျော့ပေးမယ်လို့ ကတိပေးထားတဲ့အတွက် နောက်လာမယ့် ရုံးချိန်းတွေမှာ ထူးခြားမူမရှိဘဲ စွဲဆိုထားတဲ့ပုဒ်မတွေ ဖြေလျော့မပေးရင် ကျောင်းသား အခွင့်အရေးတွေကို ပြန်လည်တောင်းဆိုသွားမယ်လို့ သိရပါတယ်။
-
2019-01-30 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၇ ဦးနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အမှုကိုဖြေလျော့ပေးမယ်လို့ ကတိပေးထားတဲ့အတွက် နောက်လာမယ့် ရုံးချိန်းတွေမှာ ထူးခြားမူမရှိဘဲ စွဲဆိုထားတဲ့ပုဒ်မတွေ ဖြေလျော့မပေးရင် ကျောင်းသား အခွင့်အရေးတွေကို ပြန်လည်တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်က အမှုနဲ့ ပတ်သက်လို့ ကတိပေးထားတာတွေရှိပေမယ့် ဒီနေ့ ရုံးချိန်းမှာတော့ ထူးခြားမှု မရှိဘူးလို့ အမရပူရမြို့နယ် တရားရုံးထုတ်ကို လာရောက်ဝန်းရံခဲ့တဲ့ ကျောင်းသားတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့က မန္တလေးတိုင်း အစိုးရရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ကျောင်းသားကိုယ်စားလှယ် သုံးဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက အတတ်နိုင်ဆုံး ဖြေလျော့ပေးမယ်လို့ ကတိရရှိခဲ့တာကြောင့် ဒီနေ့ ရုံးချိန်းမှာ ကျောင်းသားတွေက တစ်ခုခုပြောင်းလဲမှုရှိမယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ်က ဗကသ အဖွဲ့ဝင် ကျောင်းသားတွေဟာ ကျောင်းတွင်းလုံခြုံရေးနဲ့ ကျောင်းသန့်ရှင်းရေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုရာကနေ မီးရှို့မှု၊ အားပေးအားမြောက်မှု၊ အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီဥပဒေတွေနဲ့ တရားစွဲဆို အဖမ်းခံထားရတာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရတနာပုံတက္ကသိုလ်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်သွင်းတဲ့ တရားလိုပြ သက်သေတွေ နဲ့ ရဲတပ်ဖွဲ့က တင်သွင်းခဲ့တဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကျောင်းသားတွေကို စွဲဆိုထားတဲ့ပုဒ်မတွေ မဖြေလျော့ပေးရင် ကျောင်းသားထုအခွင့်အရေးတွေကို လာမယ့် ရုံးချိန်းအပြီးမှာ ပြန်လည်တောင်းဆိုသွားမယ်လို့ မိတ္ထီလာတက္ကသိုလ်က ကိုမင်းထက်မြတ် က ပြောပါတယ်။
"အကောင်းဆုံးပြေလျော့သွားအောင် ကြိုးစားပေးမယ်လို့ ပြောပေမယ့် ဒီနေ့ရုံးချိန်းလာတဲ့အခါမှာ ကြိုးစားမှုလုံးဝမရှိတဲ့ လက္ခဏာမျိုး တွေ့ရတယ်။ သမဂ္ဂအားလုံးကို နှိုးဆော်မယ်။ လာမယ့် ရုံးချိန်းမှာ စစ်ဆေးပြီးတဲ့အထိ ဖြေလျော့တာမရှိရင် ကျောင်းသားတွေ တောင်းဆိုတဲ့ တိုက်ပွဲတစ်ခုဖြစ်မယ်"
ကျောင်းသားတွေကို စွဲဆိုထားတဲ့ ပုဒ်မတွေကို ဖြေလျော့ပေးပြီး တချို့ကို ငွေဒဏ်နဲ့ ဆုံးဖြတ်မယ်ဆိုတဲ့ သတင်းတွေလည်း ဒီကနေ့ တရားရုံးထုတ် မစခင် ထွက်ပေါ်ခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရာလိုပြသက်သေတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ရတနာပုံတက္ကသိုလ်က သက်သေတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်သွင်းတဲ့ သက်သေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တင်သွင်းခဲ့တဲ့ သက်သေတွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။
တရားလိုပြသက်သေအဖြစ် ရတနာပုံတက္ကသိုလ်က လာရောက်ထွက်ဆိုရာမှာ ထွက်ဆိုချက်တွေက အမှန်တရားပေါ်ပေါက်ဖို့ ကြိုးစားတာမဟုတ်ဘဲ မတရားမှုတွေကို ဖုံးကွယ်တဲ့ပုံစံဖြစ်နေတယ်လို့ တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ကိုရဲမင်းထွန်း က ပြောပါတယ်။
"ကျောင်းကနေ လာထွက်တာ ၂ ယောက်ရှိတယ်။ ကျွန်တော်တို့အပေါ်မှာ စွဲချက်ထွက်တာက ကျောင်းဘဏ္ဍာရေးတွေနဲ့ ပတ်သက်ပြီး ထွက်တဲ့အခါမှာ ပြောစရာရှိပါတယ်။ ကျောင်းဘဏ္ဍာရေး၊ ကျောင်းတွင်း စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ငွေကြေးသုံးစွဲမှုမှာ ကျောင်းတွင်းမှာရှိတဲ့ လိုအပ်ချက်တွေကို သုံးချင်တဲ့အတွက် ကျောင်းအကျိုးသုံးဖို့ပြောဆိုတာ၊ ကိုယ်ကျိုးအတွက် သုံးဖို့ပြောတာမဟုတ်ဘူး။ သို့သော် တရားရုံးမှာ ထွက်တာကျတော့ ကိုယ်ကျိုးအတွက် သုံးစွဲပါတယ်ဆိုတဲ့ပုံစံမျိုးကို ထွက်ဆိုတယ်။ သေဆုံးသွားတဲ့ ကျောင်းသားနာမည်မေးတော့လည်း မသိဘူး၊ အမှန်တရားပေါ်ပေါက်ရေးကို မကြိုးစားဘဲနဲ့ မတရားမှုကို ဖုံးကွယ်နေပြီးတော့ လုပ်နေတာက တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြတာဖြစ်နေတယ်"
ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသားတွေဟာ ကျောင်းတွင်းလုံခြုံရေးနဲ့ ကျောင်းသန့်ရှင်းရေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုရာကနေ မီးရှို့မှု၊ အားပေးအားမြောက်မှု၊ အကြည်ညိုပျက်စေမှုနဲ့ ငြိမ်းစုစီ ဥပဒေတွေနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
တရားရုံးချိန်းတွေမှာ လှုပ်ရှားမှုတွေ မလုပ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မေတ္တာရပ်ခံထားလို့ ကျောင်းသားတွေအနေနဲ့ အေးအေးဆေးဆေးနေခဲ့တယ်လို့ ပခုက္ကူတက္ကသိုလ်က ကျောင်းသား ကိုမင်းသက်မောင်မောင်ကပြောပါတယ်။
"ကတိကဝတ်တွေ ပေးထားတယ်။ အမှုတွေ လျော့ပေါ့ပေးပါမယ် ပြောခဲ့တယ်။ ဒီကနေ့မှာ ဘာမှထူးလာတာမတွေ့ရဘူး၊ ကျနော်တို့ စောင့်ကြည့်နေတယ်"
တရားစွဲဆိုခံရတဲ့ ကျောင်းသားတွေကို ဒီနေ့ တတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့တာဖြစ်ပြီး နောက်တစ်ပတ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။
ဒီသတင်းအပြည့်အစုံကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။