အလုပ်သမားအရေး ဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးဥပဒေနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ဥပဒေတွေကို ရှင်းလင်းပြောဆိုတဲ့ အလုပ်သမားအရေး ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် အလုပ်သမားအခွင့်အရေး ဥပဒေနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။ RFA

အဲဒီဆွေးနွေးပွဲမှာ အစိုးရ အလုပ်သမားဝန်ကြီးဌါန အရာရှိတွေက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ရှင်းလင်းပြောဆိုတယ်လို့ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်သူက RFA ကိုပြောပါတယ်။

"အစိုးရထုတ်ထားတဲ့ အလုပ်သမားအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းမှုဆိုင်ရာဥပဒေရှိတယ်။ နောက်တစ်ခုက အလုပ်သမားနဲ့အလုပ်ရှင် အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းမှုဥပဒေရှိတယ်။ နည်းဥပဒေရှိတယ်။ ၂၀၁၂ မှာ ထုတ်ထားတာပေါ့နော်။ အဲဒီဥပဒေ အပေါ်မှာ အလုပ်ရှင်တွေကလည်း သိနားလည်မှု မရှိဘူး။ အလုပ်သမားတွေကလည်း သိနားလည်မှုမရှိဘူး။ အဲအတွက်ကြောင့်မို့လို့ ဒီဥပဒေနဲ့ နည်းဥပဒေတွေကို သူတို့က ပြန်ပြီးရှင်းလင်းဖွင့်ဆိုပြတဲ့ သဘောပါပဲ။ အခုအခမ်းအနားလေးကတော့။ သူတို့ရဲ့နည်းဥပဒေ၊ ဥပဒေတွေ ရှင်းပြပြီးတဲ့နောက်ပိုင်းမှာ ဆွေးနွေးပွဲ သဘောမျိုးလေးလုပ်တယ်။ အလုပ်သမားတွေအနေနဲ့ပေါ့နော်၊ သူတို့ရဲ့အခွင့်အရေး ဖောက်ဖျက်ခံရမှုတွေကို ဌါနဆိုင်ရာအကြီးအကဲတွေကို တင်ပြပြောဆိုတာ တွေ့ရပါတယ်"

လက်ရှိကာလမှာ အလုပ်ရှင် အလုပ်သမားလိုက်နာရမယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်အောင် အစိုးရပိုင်းက ဆောင်ရွက်ဖို့ လိုအပ်နေသေးသလို၊ အလုပ်သမားတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ လုံလောက်တဲ့အခြေခံ လုပ်ခလစာ သတ်မှတ်ချက်ဥပဒေကို လွှတ်တော်ကနေ ပြဋ္ဌာန်းဖို့လည်း လိုတယ်လို့ ကိုအောင်သူက ပြောပါတယ်။

ဒီကိစ္စတွေ မဆောင်ရွက်နိုင်သေးရင်လည်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားဦးမယ့် အခြေအနေတွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီဆွေးနွေးပွဲကို အစိုးရအရာရှိတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတချို့ တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org