အမျိုးသမီးအလုပ်သမားတွေ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရဖို့ တောင်းဆို

အမျိုးသမီးအလုပ်သမားတွေအနေနဲ့ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရရှိဖို့အပါအဝင် အချက်နှစ်ချက်ကို အမျိုးသမီးအလုပ်သမားတွေက Sisters 2 Sisters လှုပ်ရှားမှုကနေ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ရန် လာရောက်ကြသည့် စက်ရုံဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ RFA

အမျိုးသမီးအလုပ်သမားတွေအနေနဲ့ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရရှိဖို့အပါအဝင် အချက်နှစ်ချက်ကို အမျိုးသမီးအလုပ်သမားတွေက Sisters 2 Sisters လှုပ်ရှားမှုကနေ တောင်းဆိုလိုက်ပါတယ်။

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့အတွက် အမျိုးသမီးအလုပ်သမားတွေအတွက် ထိုက်တန်တဲ့လုပ်ခလစာရဖို့နဲ့ အမျိုးသမီးအလုပ်သမားတွေ အကြမ်းဖက်ခံရတာတွေမရှိစေဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ကုန်စျေးနှုန်းကြီးမြင့်လာတွေနဲ့အတူ လုပ်ခလစာနည်းပါးတာကြောင့် အခြေခံအလုပ်သမားအများစု ပိုပြီးဆင်းရဲကျပ်တည်းလာတယ်လို့ အထည်ချုပ်အလုပ်လုပ်ကိုင်နေသူ လုံခြုံရေးအရအမည်လွှဲထားတဲ့ မချစ်စုက ပြောပါတယ်။

"ရတဲ့လုပ်အားခနဲ့ကျတော့ တဖြည်းဖြည်းနဲ့ လုပ်ခလစာနဲ့ ကုန်စျေးနှုန်းနဲ့ မမျှတာဖြစ်သည့်အတွက် လူတိုင်းလိုလိုက အခုဆိုရင် ကြွေးတွေတင်လာတယ်။ အတိုးဖိုးတွေနဲ့ ။ အဲလိုမျိုးနဲ့ပဲ သံသရာလည်ပတ်နေတယ်။"

အထည်ချုပ်စက်ရုံအများစုကလည်း အချိန်ပိုမရှိတော့တာကြောင့် အလုပ်သမားတွေအတွက် အပိုဝင်ငွေမရတော့သလို လုပ်ခလစာအပြည့်အဝရရှိရေးနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးတို့လည်း လိုအပ်နေသေးတယ်လို့ အထည်ချုပ်အလုပ်သမားတွေက ပြောပါတယ်။

စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံက လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေကို ဖိနှိပ်တဲ့ အာဏာရှင်ဆန်တဲ့ လုပ်ငန်းရှင်တွေရှိနေပြီး ကျား၊ မ ခွဲခြားကာ အမျိုးသမီးအလုပ်သမားတွေအပေါ် အကြမ်းဖက်မှုရှိနေသေးတဲ့အတွက် အမျိုးသမီးအလုပ်သမားတွေအတွက် ကာကွယ်ပေးဖို့လိုအပ်နေတယ်လို့ Sisters 2 Sisters ဦးဆောင်အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"ပြည်တွင်းမှာ အထူးသဖြင့်အလုပ်သမား အမျိုးသမီးငယ်တွေဟာဆိုရင် တရားဥပဒေစိုးမိုးမှုလုံးဝမရှိတဲ့နိုင်ငံထဲမှာ အလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်မှုအပြင်ကို လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဒါတွေကိုလည်း ပုံစံမျိုးနဲ့ကြုံရတယ်။ လုပ်ခလစာခေါင်းပုံဖြတ်ခံရတာအပြင်ကို အခြားသော ပုံစံမျိုးစံနဲ့ စိတ်ပိုင်း ရုပ်ပိုင်းမလုံခြုံမှုတွေကို ကြုံတွေ့နေရပါတယ်။ ကြုံနေရတဲ့အလုပ်သမား အမျိုးသမီးတွေရဲ့ အသံတွေကို တိုက်ရိုက်နားထောင်ပေးပါ။ သူတို့ရဲ့အသံတွေကိုလည်း ပြည်သူတွေကလည်း လေ့လာပေးပါလို့ ဆော်ဩချင်တယ်ပေါ့နော်။"

အစိုးရကသတ်မှတ်ထားတဲ့ အလုပ်သမားတွေရဲ့ တစ်ရက်အခြေခံလုပ်အားခ အနည်းဆုံး ၅၈၀၀ ကျပ်ကနေ ထပ်မံတိုးမြှင့်ရရှိဖို့ အလုပ်သမားဝန်ကြီးဌာနက ပြဋ္ဌာန်းပေးဖို့ကိုလည်း အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တော်လှန်နိုင်ဖို့နဲ့ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် Sisters 2 Sisters အမျိုးသမီးလှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့တာ သုံးနှစ်ရှိပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org