စွပ်စွဲခံထားရတဲ့ အဂတိအမှု အပြစ်မရှိကြောင်း သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ထွက်ဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ ပတ်သက်ပြီး အဂတိပုဒ်မနဲ့ စွပ်စွဲခံထားရတဲ့ အမှုအတွက် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က သူ့မှာအပြစ်မရှိကြောင်း ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-11-15
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ ပတ်သက်ပြီး အဂတိပုဒ်မနဲ့ စွပ်စွဲခံထားရတဲ့ အမှုအတွက် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က သူ့မှာ အပြစ်မရှိကြောင်း ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက် ဒီနေ့ရုံးချိန်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ရာဇသတ်ကြီး အမှုအမှတ် ၄၆ အမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အခုစစ်ဆေးတဲ့ အမှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံတွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တဲ့အမှု ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်ဟာ ဒီအမှုကို ကျူးလွန်ခြင်းမရှိကြောင်း ဥပဒေအကိုးအကားတွေနဲ့ ခိုင်ခိုင်မာမာ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာနဲ့ သက်ဆိုင်တဲ့အမှုတွေက ရာဇသတ်ကြီးအမှုမှတ် ၄၆ ကနေ ၄၇၊ ၄၈၊ ၄၉၊ ၅၀ ထိ အမှုငါးမှုရှိပြီး ဒီနေ့မှာ တစ်မှုသာပြီးပြတ်တာကြောင့် ကျန်နေတဲ့အမှုတွေအတွက် သမ္မတဦးဝင်းမြင့်ကို နောက်ရုံးချိန်းရက်တွေမှာ ထပ်မံ စစ်ဆေးဖို့ ရှိနေပါတယ်။
အမှုငါးမှုစလုံးအတွက် သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ထွက်ဆိုမှု ပြီးသွားရင်တော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီအမှုငါးမှုလုံးအတွက် ကိုယ်တိုင် ထွက်ဆိုမှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အမှုပေါင်းရှစ်မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက သုံးမှုအတွက် ထောင်ငါးနှစ်ချမှတ်ခံထားရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။