သဘာဝဘေးရှောင်ရှားဖို့ အချိန်မရှိတော့ကြောင်း ကုလအကြီးအကဲ ပြော

ရာသီဥတုပြောင်းလဲတဲ့အတွက် မုန်တိုင်းတွေ၊ အပူလိုင်းတွေ ကြုံရပြီး အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက အထိခိုက်ဆုံးပဲလို့ ပြောပါတယ်။

၂​ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ရုရှားနိုင်ငံတွင် ကျင်းပသည့် BRICS ညီလာခံ တက်ရောက်လာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)။ Photo: Reuters

ကမ္ဘာကြီးပူနွေးလာနေတာကို အရေးယူမဆောင်ရွက်တဲ့အတွက် လူသားတွေ အကြီးအကျယ်ပေးဆပ်နေရပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က အောက်တိုဘာ ၂၄ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီလိုပူနွေးနေတာကို ပြန်ပြင်ဖို့နဲ့ ရာသီဥတုကြောင့်ဖြစ်ပေါ်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ရှောင်ရှားဖို့ အချိန်မရှိတော့ဘူးလို့လည်း ထောက်ပြပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ လာမယ့်ဆယ်စုနှစ်မှာ အတိမ်းအစောင်းမခံနိုင်တော့ဘူးလို့လည်း ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP)က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထက် မကျော်လွန်ဖို့ သတ်မှတ်ထားတဲ့ မျှော်လင့်ချက် ပျောက်ဆုံးတော့မယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲတဲ့အတွက် အာရှနဲ့ ကာရစ်ဘီယံဒေသမှာ မုန်တိုင်းတွေ၊ အပူလိုင်းတွေ၊ အာဖရိကမှာ ရေလွှမ်းမိုးမှုတွေ၊ လက်တင်အမေရိကမှာ မိုးခေါင်ပြီး တောမီးလောင်တာတွေ ကြုံရပြီး အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက အထိခိုက်ဆုံးပဲလို့ ပြောပါတယ်။

ရာသီဥတု ကမောက်ကမဖြစ်တာနဲ့ စားနပ်ရိက္ခာပြဿနာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်ပြီး မြန်မာနိုင်ငံလို ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ အခြေအနေပိုဆိုးဝါးစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် (Antonio Guterres) က ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောကြားထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာပညာရှင် ဦးဝင်းမျိုးသူကလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မြန်မာမှာလည်း သဘာဝဘေးဒဏ်ခံနိုင်အား တော်တော်နည်းနေတာ တွေ့ရတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သုံးသပ်ပြောဆိုထားပါတယ်။

၂ဝ၃ဝ ပြည့်နှစ်အရောက် နှစ်စဉ် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ၄၂ ရာခိုင်နှုန်း လျှော့ချဖို့ နိုင်ငံတွေက စုပေါင်းတာဝန်ယူရမယ်လို့လည်း UNEP  အစီရင်ခံစာမှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org