ကမ်းထောင်းကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ငါးဦးဒဏ်ရာရ
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ငါးဦး ဒဏ်ရာရသွားခဲ့ပါတယ်။
-
RFA Burmese
2024-03-29 -
-
-
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ မတ်လ ၂၉ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြို့ခံတွေဖြစ်ကြတဲ့ မအေးအေးမြင့်၊ ဒေါ်မအေး၊ ကိုသူရိန်စိုး၊ ကိုမောင်မျိုးဆက်၊ ဦးမောင်အေးတို့ ဒဏ်ရာရသွားခဲ့တာပါ။
အမ်းမြို့နယ် ကဇုကိုင်းက တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီး ငါးလုံး ပစ်ခတ်တာကြောင့် အခုလို ဒဏ်ရာရသွားကြတာလို့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်က မြို့ထဲကို လက်နက်ကြီး ငါးလုံး ကျပါတယ်။ ဒဏ်ရာရတာက ငါးယောက်ပါ။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်။ ကဇုကိုင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ”
လက်ရှိမှာတော့ ကမ်းထောင်းကြီးမြို့က ဒေသခံတွေ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကမ်းထောင်းကြီး ဒေသခံ ငါးဦးဒဏ်ရာရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးတဲ့ အရပ်သား ၁၈၇ ဦးနဲ့ ဒဏ်ရာရသူ ၅၃၆ ဦး ရှိသွားပြီဖြစ်ပါတယ်။