ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ ဗလီ ဖျက်ဆီးခံရ
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲ သမိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အဦ တစ်ခုနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံခဲ့ရတယ် လို့ ပဲခူးတိုင်းဒေ သကြီး အစိုးရအဖွဲ့က ပြောပါတယ်။
-
2016-06-24 -
-
-
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အဦ တစ်ခုနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြောပါတယ်။
မနေ့က အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ ဆဲဆိုမှုကနေ ရွာသားတွေအချင်းချင်း ပြဿနာကြီးထွားခဲ့တာဖြစ် ပြီး အခုချိန်မှာ ရဲတွေနဲ့ လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က ပြော ပါတယ်။
"ဒီပြဿနာပေါ့ သူတို့ရွာသားအချင်းချင်းဖြစ်တာပေါ့ဗျာ၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်နဲ့ ရပ်ကွက် ထဲမှာဆဲတယ်ဆိုတဲ့ကိစ္စကို မကျေနပ်တဲ့အခါကျတော့ ရွာသားတွေနဲ့ ရိုက်တာနှက်တာကနေပြီးတော့ နည်းနည်းကြီးထွားသွားပြီးတော့ ဖြစ်တာဖြစ်တယ်၊ ဒီဟာနဲ့ပတ်သက်ပြီးလို့ ပြည်သူ့ရဲဌာနကို ကျနော်တို့ ၂၄ နာရီ အချိန်ပြည့်ထားတာတွေ၊ ဒေသဆိုင်ရာဆိုင်ရာ လုံခြုံရေးနဲ့ပတ်သက်လို့ အစီအမံတွေ၊ အုပ်ချုပ်ရေး ပြည်သူ့ရဲ၊ အဲ့ဒါတွေကိုတော့ ကျနော်တို့ လောလောဆယ် တင်းကြပ်စွာထားပါတယ်"
သူရဲသမိန်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ အင်တာနက် ဖေ့ဘုတ်မှာ အမုန်းတရားပျံ့ပွားအောင် ရေးသား မှုတွေကြောင့် ဖြစ်လာတာလို့လည်း ပြောပါတယ်။
ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို မှာကြားထားတယ်လို့လည်း ပြောပါတယ်။
သူရဲသမိန်ကျေးရွာဟာ ဝေါမြို့နဲ့ အလှမ်းကွာဝေးလွန်းတဲ့အတွက် လျှပ်စစ်မီးရရှိအောင်၊ လမ်းကောင်းအောင် စတဲ့ ဒေသဖွင့်ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးပြီး အချင်းချင်း အတူတကွ ပူးပေါင်းနေနိုင်အောင် ပညာပေး လုပ်ငန်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။