မဲစာရင်း အမှားပြင်ဖို့ ဝန်ကြီးချုပ်တွေကို အစိုးရညွှန်ကြားထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းတွေ အမှားအယွင်း များနေတဲ့အတွက် လူထုကြားမှာ ဝေဖန်မှုတွေ သံသယတွေ ပေါ်ပေါက်နေပါတယ်။ မဲစာရင်းတွေ အချိန်မီ ပြင်ဆင်ရေးအတွက် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ထားတယ်လို့လည်း သိရပါတယ်။

election-voter-lists-622.jpg

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းတွေ အမှားအယွင်း အလွန်များနေတဲ့အတွက် လူထုအတွင်း ဝေဖန်မှုတွေ သံသယတွေ ပေါ်ပေါက်နေပါတယ်။ မဲစာရင်းတွေကို အချိန်မီပြင်ဆင်ရေးအတွက် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ထားတယ်လို့လည်း သိရပါတယ်။


မဲဆန္ဒရှင်တွေအနေနဲ့ တောင်းဆိုကန့်ကွက်ပြင်ဆင်မှုတွေအတွက် အချိန်ပိုရအောင် သြဂုတ်လ ၁၄ ရက်အထိ ရွေးကောက်ပွဲကော်မရှင်က အချိန်တိုးပေးထားပါတယ်။ မဲစာရင်းအမှား ဘယ်လောက်များပါသလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အလွန်များပြားတာ အမှန်ပါပဲလို့ RFA ကို ပြောပါတယ်။

“ မဲစာရင်းမှားတာက တော်တော်များတယ်။ ကောက်တာက အရှိကောက် ကောက်တာ၊ ဘယ်ကကောက်သလဲဆိုတော့ ထွေအုပ်က ကောက်တာပေါ့ဗျာ။ အရှိကောက်ဆိုတာက အိမ်တွေဝင်ပြီး အိမ်ထောင်စု စာရင်းနဲ့မတိုက်ဘဲ  ရှိနေတဲ့လူဦးရေနဲ့ကောက်တာ ။ အဲတော့ ပြောင်းတာတွေ တခြားသွားတဲ့သူတွေ  ထွက်သွားတဲ့သူတွေ မပါဘူး။ အဲဒါကိုပြန်ပြင်ရမှာပေါ့။တပတ်တိုးပေးထားတော့ တက်သုတ်ရိုက်လုပ်နေရတာပေါ့။  ခုတော့ ထွေအုပ်ချုပ်ရေးရော လဝက ရော ရွေးကောက်ပွဲကော်မရှင်ရော အားလုံး အားတက်သရော လုပ်နေတာပေါ့။ ကျနော်တို့ တိုင်းအစိုးရကရော ကူညီရတာပေါ့၊  ဝန်ကြီးချုပ်တွေက ဦးဆောင်ပြီး ကိုယ့်တိုင်းနဲ့ကိုယ် မဲစာရင်းမှန်ကန်ဖို့ တာဝန်ပေးထားတာပေါ့ဗျာ၊ ညွန်ကြားလိုက်ပြီပေါ့ ”

တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်း ကတော့ မဲစာရင်းမှားတာ အလွန်များတဲ့အတွက် လူထုအကြားမှာ သံသယတွေ ရှိတယ်လို့ ပြောပါတယ်။

“စာရွက်တရွက်လုံးမှာ အဖေနာမည်တခုတည်းတွေ အမေနာမည်တခုတည်းတွေ၊ မွေးသက္ကရာဇ်တခုတည်း ဖြစ်နေတာတွေရှိတယ်။ အဖေရော သားရော တမိသားစုထဲမဟုတ်ဘူး တခြားမိသားစုတွေပါ လိုက်တူနေတာ။ အဲဒီမဲစာရင်းမှားတာက သာမန်မှားတာမှ ဟုတ်ရဲ့လား။ ဒါမဖြစ်သင့်ဘူးလို့ ဝေဖန်နေကြတယ်ဗျ။ နောက်တခုက မဲစာရင်းတွေကို ဓါတ်ပုံမရိုက်ရဘူးလို့လည်း အစပိုင်းမှာ ပြောသေးတယ်။ ဒါတွေက ကမ္ဘာသိတဲ့ရွေးကောက်ပွဲကြီး လုပ်ပြီးတော့  မဲစာရင်းကို ဓာတ်ပုံရိုက်မှ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ လာကြည့်သူဆီကမှ သိရမှာပေါ့။ ဒါကူညီတာမဟုတ်ဘူးလား”


မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဒေါ်ဖြူဖြူအောင် ကတော့ မဲစာရင်းတွေပြင်ဆင်ဖို့ သူတို့ နားရက်မရှိ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

“ ပုံစံ ၃ ပြင်ရတာများပါတယ် ပုံစံ ၃ ကတော့ နာမည်မပါတဲ့ လူစာရင်း၊ နောက်တခုက ပုံစံ-၄ (ဂ)  နာမည်မှားတာတို့ မှတ်ပုံတင်နံပါတ်မှားတာတို့။  အများဆုံး မြောက်ဥက္ကလာပမြို့နယ်မှာ မှားတာ၊   နာမည်စာလုံးပေါင်းသတ်ပုံ မှားတာပေါ့နော် ဒုတိယက မှတ်ပုံတင်နံပါတ်မှားတာလေးတွေ ရှိပါတယ်။ အဲဒါလေးတွေကို ပြင်ဆင်နေပါတယ်ရှင့်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် မဲစာရင်းထုတ်ပါ့မယ် အဲဒီ ဒုတိယအကြိမ်မဲစာရင်းမှာတော့ ခုန ပြင်ဆင်ဖြည့်စွက် မဲဆန္ဒရှင်တွေ အကုန်လုံး ပြန်ပါလာဖို့ ကျမတို့ အမှားအနည်းဆုံးဖြစ်အောင် ပြင်ဆင်နေပါတယ်ရှင့် ”

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမှာဖြစ်လို့ ၃ လပဲ လိုပါတော့တယ်။

အခုအချိန်ထိ မဲစာရင်းသွားမကြည့်သေးသူတွေ အများအပြားရှိသေးတဲ့အတွက် ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်မရသူတွေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org