ရခိုင်ပြည်နယ် ပဋိပက္ခမှာ အမျိုးသမီးများ ပစ်မှတ်ထား ခံနေရကြောင်း RWU ပြောကြား
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား၊ အကြမ်းဖက်ခံရမှုတွေ ရှိလာနေကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU (Rakhine Women Union) က ဒီကနေ့ စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ပြောကြားလိုက် ပါတယ်။
-
2013-11-20 -
-
-
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား၊ အကြမ်းဖက်ခံရမှုတွေ ရှိလာနေကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU (Rakhine Women Union) က ဒီကနေ့ စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြု လုပ်ပြီး ပြောကြားလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပဋိပက္ခတွေမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သတင်းထောက်တွေကို အခုလိုပြောပါတယ်။
“ဒီလိုအရေးအခင်းရဲ့ နောက်ပိုင်းမှာဆိုလို့ရှိရင် အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးလုပ်လာတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်၊ အမျိုးသမီးတွေဟာဆိုလို့ရှိရင် ဂုံးကောက်မယ်၊ ဟင်းခူးမယ် စသည်အားဖြင့် ဝမ်းစာရှာဖွေဖို့ရာတောင် လုံခြုံရေးမရှိတဲ့ အနေအထားတွေဖြစ်တာကို ကြည့်လိုက်လို့ရှိရင် ကျမတို့အမျိုးသမီးအပေါ်မှာ ပစ်မှာထားတယ်”
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး ၁၀ ဦးထက်မနည်းရှိနေပြီး ဒီနောက်ပိုင်း အရွယ်မရောက်သေးတဲ့ အမျိုးသမီးကလေးငယ်တွေပါ အကြမ်းဖက်ခံရမှုတွေ ရှိလာနေတယ်လို့လည်း ရခိုင်အမျိူးသမီးများအစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေကို အရေးယူဆောင်ရွက်ရာမှာလည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု အားနည်းနေတာကိုတွေ့ရတယ်လို့ အစည်းအရုံးရဲ့ အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုတာဝန်ခံ ဒေါ်သီရိရီမွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီအမျိုးသမီးတွေရဲ့ ဘဝတွေ လုံခြုံမှုေပါ့နော်၊ ပြီးတော့ ဖြစ်ပျက်သွားတဲ့ အချိန်တွေမှာလည်းပဲ ပြန်ပြီးတော့မှ တရားဥပဒေနဲ့အညီ အရေးယူမှုတွေ အဲလိုလုပ်ပေးဖို့အတွက်ကို အများကြီးလိုအပ်တယ်ဆိုပြီး ကျမအနေနဲ့ သုံးသပ်ပါတယ်”
ရခိုင်အမျိုးသမီး အစည်းအရုံးအနေနဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ စစ်တမ်းတွေကောက်ယူပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။