မီးရှို့ခံ နှမစားရစ်ရွာက ဒေသခံတွေ နေရပ်မပြန်နိုင်သေး
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ နှမစားရစ်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရလို့ သက်ကြီး ရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် ရွာခံ ငါးဦး သေဆုံးခဲ့ရပါတယ်။
- 2022-03-31
-
-
-
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ နှမစားရစ်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစော ထီး ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရလို့ သက်ကြီး ရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် ရွာခံ ငါးဦး သေ ဆုံးခဲ့ရပါတယ်။
အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ အဲဒီရွာမှာ အိမ်ခြေ ၄၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ လူဦးရေ ၂၇၀၀ လောက်ရှိတဲ့ ရွာသားအားလုံးဟာလည်း ဒီနေ့အထိ ရွာကိုမပြန်နိုင်တော့ဘဲ ရွှေဘိုမြို့ အပါအဝင် အခြားနီးစပ်ရာနေရာတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။
"အခု ခါးဝတ်ခါးစားနဲ့ ထွက်ပြေးပြီးတော့ သူများကျွေးတာစားပြီး သူများဆင်တာလေးတွေ ဝတ်နေရတဲ့ဘဝ ရောက်ခဲ့ရတယ်”
အဲဒီနေ့က မိသားစု ခုနစ်ယောက် တစ်ကွဲတစ်ပြားစီ အသက်လုထွက်ပြေးခဲ့ကြရတဲ့ အကြောင်းကို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက အခုလို ပြန်ပြောင်း ပြောပြပါတယ်။
“ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၅နာရီ ၁၅ လောက်မှာ အုန်းအုန်းနဲ့ ထွက်ပြေးခဲ့ရတယ်။ တစ်သက်လုံးက မကြားဘူးတဲ့ အသံတွေလည်း ကြားခဲ့ရတယ်။ အပြင်းထန်ဆုံးအသံက မိုးကြိုးပစ်သံပဲ ကိုယ်ကြားခဲ့ဖူးတာ။ ကျနော်တို့ မိသားစုဆို ခုနစ်ယောက် လေးကွဲ ကွဲခဲ့တယ်။ ရွာမှာလည်း မီးလောင်သေတာက သုံးယောက်၊ သေနတ်မှန်သေတာက နှစ်ယောက်၊ တိရစ္ဆာန်တွေ သေတာက အကောင်သုံးဆယ်လောက်ရှိတယ်။ ဒီလိုဘဝ မျိုးရောက်လိမ့်မယ်လို့ အိမ်မက်လည်း မမက်ဖူးဘူး။ အခု ခါးဝတ်ခါးစားနဲ့ ထွက်ပြေးပြီး တော့ သူများကျွေးတာစားပြီး သူများဆင်တာလေးတွေ ဝတ်နေရတဲ့ဘဝ ရောက်ခဲ့ရ တယ်”
အဲဒီနေ့ဖြစ်စဉ်မှာ မီးလောင်သေဆုံးခဲ့ကြရသူတွေဟာ အသက် ၈၀ ကျော်အရွယ် ဦးဘသိန်း၊ အသက် ၇၀ ကျော် အရွယ် ဒေါ်ခင်သန်းနဲ့ အသက် ၄၀ ကျော်အရွယ် ဦးစိုးလွင်ဦးတို့ဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ အထဲက ဒေါ်ခင်သန်းဟာ စစ်ကောင်စီတပ် သားတွေ ဝင်စီးနင်းနေတဲ့အချိန် အိမ်သာထဲ ဝင်ပုန်းရာကနေ မီးလောင်ပြီး သေဆုံးခဲ့ရတာ ဖြစ်သလို နောက်ထပ် အသက် ၆၃ နှစ်အရွယ် ဦးသိန်းနဲ့ အသက် ၃၃ နှစ်အရွယ် မယဉ်စန်း အေးတို့ကတော့ သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြရတာလို့ ဆိုပါတယ်။
နှမစားရစ်ရွာနဲ့ တစ်မိုင်ခန့်စီဝေးတဲ့ သီးလုံးနဲ့ ဇီးဖြူကုန်းရွာတွေမှာ စစ်တပ်က အခုချိန်ထိ တပ်စွဲထားတာကြောင့် ရွာသားတွေဟာ ရွာကိုပြန်မသွားရဲကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
တချို့ကလည်း အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲဖြစ်လာတာကြောင့် မီးလောင်ပြင်ထဲမှာ တဲထိုးပြီး ပြန်နေကြဖို့ စဉ်းစားနေကြတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပြန်သွားချင်တာပေါ့ကွယ်။ ကိုယ့်အိမ် ကိုယ့်ယာလေးတွေ၊ ပြန်သွားချင်ပေမယ့် ဘာမှ မရှိတဲ့အခါကျတော့ စိတ်ကူးထည့်နေကြတာကတော့ ထန်းရွက်ကလေးတွေနဲ့ ထန်းရွက် တဲလေးတွေ ထိုးပြီးတော့ နေကြမယ်။ သူတို့ကလည်းလာ ကိုယ်တွေကလည်း စိတ်ချ ရတာ မဟုတ်ဘူး။ စိတ်တွေပန်းနေကြ၊ ပူနေကြရတာ။ အဲဒီတော့ ထန်းရွက်တဲလေး တွေနဲ့ နေကြမယ်လို့ ထန်းရွက်တဲလေး မိုးလုံအောင်လေး လုပ်ပြီးတော့ ကိုယ့်အိမ်လေး ကို ပြန်နေမယ်လို့ မှန်းထားတာပဲ”
အခုလို အိုးပစ်အိမ်ပစ် ထွက်ပြေးလာရတာကြောင့် မကြာခင်ရောက်တော့မယ့် မိုးရာသီမှာ စိုက်ပျိုးရေးတွေ မလုပ်နိုင်မှာကိုလည်း စိုးရိမ်နေရတယ်လို့ သူက ဆိုပါတယ်။
ရွာကို မီးရှို့ခံရချိန်က လယ်ယာသုံးပစ္စည်းတွေ၊ စိုက်ပျိုးရေးဆေးတွေနဲ့ မျိုးစပါးတွေလည်း မီးလောင်တဲ့အထဲ ပါသွားသလို လယ်ယာသုံး ကျွဲနွားတချို့လည်း မီးလောင်သေဆုံးခဲ့ ရတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ကျေးရွာသားတစ်ဦးကတော့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ ကလေးတွေရဲ့ အနာဂတ်ကိုပါ ထိခိုက်စေတယ်လို့ပြောပါတယ်။
“အခုဟာက ပရမ်းပတာပစ်တော့ ကလေးတွေရဲ့ အနာဂတ်တွေကို ထိမှန်တယ်။ ပုခက်လွှဲနေတဲ့ မိခင်တွေရဲ့ နှလုံးသားကို ထိမှန်တယ်။ အစ်ကိုတို့လို ဖခင်တွေ၊ နွားတွေနဲ့ ဖက်ရုန်းပြီးတော့ မိမိရဲ့ သားသမီး၊ သားမယားတွေကို လုပ်ကျွေးနေတဲ့ နှလုံးသားတွေ ရင်ဝတွေမှာ ထိမှန်တယ်။ အခုလို မလိုလားအပ်ဘဲနဲ့ ကျည်ဆန်တွေ၊ ဗုံးတွေကို အသုံးချပြီးတော့ လုပ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးအစစ် တိုးတက် သောနိုင်ငံကို ဖြစ်မလာဘူးလို့ပဲ ဦးလေးကတော့ ဒါပဲ ပြောချင်ပါတယ်”
ကျေးရွာသား အများစုဟာ ဆင်းရဲနွမ်းပါးတဲ့ သာမန်လက်လုပ်လက်စားတွေဖြစ်လို့ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။
အဓိကပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရပဲ အပြစ်ပေးစေချင်တယ်လို့ ရွာခံ အမျိုးသမီးက ပြောပါတယ်။
“အန်တီတို့အနေနဲ့ ဒီလောက်လုပ်သွားတဲ့ လူတွေကို သူတို့လည်း ဒီလိုအကျိုးဆက်တွေ မဖြစ်ကြပါစေနဲ့လို့ ဘုရား ဆုတောင်းနေရတာပ။ သူတို့လည်း ဒီလို တိုင်းသူပြည်သား တွေကို ဒီလောက်လုပ်ထားတဲ့အတွက် တရားဥပဒေအရ လုပ်စေချင်တာပေါ့။ သူတို့ လည်း တစ်ချိန်ချိန်တော့ သူတို့လုပ်ထားတဲ့ အလုပ်တွေအတွက် သူတို့လည်း ရင်ဆိုင်ရ မှာပါပဲ”
နှမစားရစ်ရွာလိုပဲ စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ဟာ စစ်ကောင်စီတပ်သားတွေ အလားတူ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ခံခဲ့ရပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ် တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ပြည်တွင်းက သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကတော့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ မန္တလေး၊ တနင်္သာရီ အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅) ရက်အတွင်း စစ်ကောင် စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခန့်မှန်းခြေအိမ် ၇,၂၄၈ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ မီးရှို့ဖျက်ဆီးခံ ခဲ့ရတဲ့ အိမ်အရေအတွက် ၄၄၂၆ လုံးနဲ့ အများဆုံးဖြစ်ပါတယ်။