ဦးဝင်းတင် အမည်နဲ့ ပန်းခြံထားပေးဖို့ တောင်းဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နာမည်နဲ့ ပန်းခြံ တစ်ခုဆောက်လုပ်ပေး ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးက တောင်းဆိုလိုက်ပါတယ်။
-
2017-04-21 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နာမည်နဲ့ ပန်းခြံတစ်ခုဆောက်လုပ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနားမှာ အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။
"ကျနော်ခေါင်းစဉ်မှာတော့ သူစံပြုထိုက်တယ်၊ နိုင်ငံတော်ကနေပြီးတော့ နိုင်ငံတော် စံပြုထိုက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ အချိန်အခါပေးလို့ သင့်တော်တယ်ဆိုရင် ဒီလို ရန်ကုန်လိုနေရာမျိုးမှာ သင်တော်တဲ့နေရာမျိုးမှာ နေရာလေးတစ်နေရာ ရှာကြံပြီးတော့ အဲဒီနေရာလေးဟာ ပန်းခြံသဘော မျိုးလေးပေါ့လေ သူ့ကိုအမှတ်တရ လုပ်ကိုင်နိုင်တဲ့အထိပေါ့လေ အဲလိုစွမ်းဆောင်ပေးချင်တဲ့ဆန္ဒ ကျနော့်မှာလည်းရှိတယ်"
ဒီနေ့ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပတဲ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ုကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စာရေးဆရာ ဦးမိုးသူ၊ မုံရွာအောင်ရှင်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင် တို့က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
အဲဒီနောက် အဖွဲ့အစည်းအသီးသီးကနေ ပေးပို့တဲ့ အောက်မေ့ဖွယ် သဝဏ်လွှာတွေနဲ့ ဂုဏ်ပြုကဗျာတွေလည်း ဖတ်ကြားခဲ့ကြပါတယ်။
မန္တလေးမြို့ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်မှာ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ မန္တလေးမြို့က လုပ်ဖေါ်ကိုင်ဖက် သတင်းစာဆရာတွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးအင်အားစုတွေ တက်ရောက်ခဲ့ပါတယ်။
ဆရာကြီး ဦးဝင်းတင်ဟာ ၂၀၁၄ ခုနှစ် ဧပြီ ၂၁ ရက်နေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်ပါတယ်။