ပိတ်ဆို့ခံနေရသေးသူတွေ လွှတ်ပေးဖို့ ဦးဝင်းအောင် ပြော
အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ စာရင်းထဲကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ပထမဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးဝင်းအောင်က စာရင်းထဲမှာ ကျန်နေသေးတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကင်းလွတ်ခွင့်ပြုသင့်တယ်လို့ မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
-
2015-04-30 -
-
-
အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ စာရင်းထဲကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်က စာရင်းထဲမှာ ကျန်နေသေးတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကင်းလွတ်ခွင့်ပြုသင့်တယ်လို့ မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒါမှသာ မြန်မာလုပ်ငန်းရှင်တွေဟာ အမေရိကန်ကုမ္ပဏီတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်နိုင်မှာဖြစ်ပြီး၊ နိုင်ငံ့ စီးပွားရေးလည်း တိုးတက်ဖွဲ့ဖြိုးလာမှာဖြစ်တယ်၊ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးဖန်တီးနိုင်ရင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ပိုပြီးဖန်တီးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်း ဥက္ကဌဟောင်းလည်းဖြစ်တဲ့ ဦးဝင်းအောင်နဲ့အတူ၊ သူ့ရဲ့ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီနဲ့ ဒဂုန်သစ်လုပ်ငန်းကုမ္ပဏီတွေဟာ အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူထားတဲ့ စာရင်းထဲကနေ မကြာခင်ရက်ပိုင်းက ပထမဆုံး ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် မတိုင်ခင်က စစ်အစိုးရတစ်ဖွဲ့လုံးနဲ့ အစိုးရကို ဘဏ္ဍာရေးအရ ပံ့ပိုးပေးနေတယ်လို့ ယူဆတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ပါတယ်။ လုပ်ငန်းရှင်တွေကို ဘာကြောင့် အရေးယူရတယ်ဆိုတဲ့ အကြောင်းရင်းတွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ဖေါ်ပြောဆိုစရာ မလိုပါဘူး။ ဒါပေမဲ့ အမေရိကန်သံရုံးတွေရဲ့ လျှို့ဝှက်သတင်း ပေးပို့ချက်တွေကိုဖွင့်ချခဲ့တဲ့ ဝီကီလိ အင်တာနက်စာမျက်နှာမှာ ဦးဝင်းအောင်ဟာ နေပြည်တော်တည်ဆောက်ရေးအတွက် စစ်ဗိုလ်ချုပ်တွေနဲ့ ပူးပေါင်းပြီး ဒေါ်လာ ၅ သန်းဖိုး တန်ဖိုးရှိတဲ့သစ်တွေ တရုတ်ပြည်ကို တရားမဝင် တင်ပို့ခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ဦးဝင်းအောင်ကတော့ ဝီကီလိရဲ့ သတင်းဟာ မှားယွင်းကြောင်း၊ အဲဒီတုန်းက စစ်အစိုးရဟာ မိမိအပါအဝင် ဆောက် လုပ်ရေးကုမ္ပဏီအများစုကို နေပြည်တော်မှာ အနည်းဆုံး အဆောင်အဦးနှစ်ခု ဆောက်လုပ်ခိုင်းခဲ့ကြောင်း၊ တရုတ်ပြည်ကိုလည်း သစ်မတင်ပို့ခဲ့ဖူးကြောင်း ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။