USDP သတင်းစာရှင်းလင်းပွဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေတင်တဲ့ အဆိုတွေကို လွှတ်တော်မှာ အတည်မပြုတာဟာ နိုင်ငံရေးသမား မပီသတာလို့ ပါတီပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
-
2018-03-15 -
-
-
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေတင်တဲ့ အဆိုတွေကို လွှတ်တော်မှာ အတည်မပြုတာဟာ နိုင်ငံရေးသမား မပီသတာလို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာရှိတဲ့ USDP ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က ပြောပါတယ်။
"ပြည်ခိုင်ဖြိုးကတင်လို့ NLD ကတင်လို့ ကျနော်တို့ကို ဖယ်လိုက်မယ်ဆိုရင် အဲဒီဒဏ်ကို ပြည်သူလူထုပဲခံရမှာ ပြည်ခိုင်ဖြိုးက မခံရဘူး၊ ဒါပေမဲ့ ကျနော်တို့ပါတီက ဒီကာလမှာ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် ကောင်းမွန်တဲ့အဆိုတွေ အများကြီးတင်ခဲ့တယ်၊ တချို့ဟာတွေ အပယ်ခံရတယ်၊ တချို့ဟာတွေကို မေးခွန်းအဖြစ် အမေးမခံဘူးပေါ့၊ တချို့ဟာဆို မှတ်တမ်းတင်ထားလိုက်တယ်၊ ဒါပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုဆောင်ရွက် မှုတွေသည် နိုင်ငံရေးသမား မပီသဘူးလို့ပြောရမယ်"
လွှတ်တော်မှာ တင်ပြကြတဲ့ ကိုယ်စားလှယ်တွေရဲ့ အဆိုတွေ မေးခွန်းတွေကို ပါတီစွဲ၊ ဝါဒစွဲတွေထက် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်သာ အတည်ပြုပေးသင့်တယ်လို့လည်း ဒေါက်တာ နန္ဒလှမြင့်က ပြောပါတယ်။
မကြာသေးခင်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့် တင်သွင်းတဲ့ အဆိုတစ်ခုကို လွှတ်တော် က မှတ်တမ်းတင်ခဲ့သလို ရခိုင်ကိုယ်စားလှယ်အချို့ တင်သွင်းတဲ့ အဆိုအချို့ကိုလည်း မှတ်တမ်းတင်ခဲ့တာတွေ ရှိပါတယ်။