မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း၊ လူပုဂ္ဂိုလ်တွေနဲ့ မပတ်သက်ဖို့ အမေရိကန် သတိပေး

အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို တားဆီးနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှု မရှိအောင် ဂရုပြုကြဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။

၂ဝ၁၆ ခုနှစ်က နေပြည်တော်မှာ ပြုလုပ်သော ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီဖြစ်စဉ်တွေကို တားဆီးမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှုမရှိအောင် သတိထားဖို့ အမေရိကန် ဘဏ္ဍာရေးဌာနက သတိပေးချက်တစ်ခု မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေးဌာန၊ အလုပ်သမားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းထုတ်ပြန်လိုက်တဲ့ အဲဒီ သတိပေး ကြေညာချက်ထဲမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို တားဆီးနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်မှုမရှိအောင် ဂရုပြုကြဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံပိုင်အင်တာပရိုက်စ်လုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ သတ္တုတွင်းကဏ္ဍ၊ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍ၊ စစ်လက်နက်နဲ့ နည်းပညာ ကဏ္ဍတွေဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်မှု များပြားပြီး၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်လုပ်ငန်းတွေက ဒီကဏ္ဍတွေမှာ လက်ဝါးကြီးအုပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်အင်တာပရိုက်စ်လုပ်ငန်းတွေဟာလည်း မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတာဖြစ်ပြီး ဒီလုပ်ငန်းတွေထဲက ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်နေတဲ့အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေမယ်ဆိုရင် အမေရိကန်ရဲ့ ငွေကြေးခဝါချမှုဥပဒေနဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ကြေညာချက်က သတိပေးထားပါတယ်။

ဒီနိုင်ငံပိုင် လုပ်ငန်းတွေထဲမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းတို့ကို ဥပမာအနေနဲ့ ဖော်ပြထားပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံပိုင် အင်တာပရိုက် အဖွဲ့အစည်းတွေမှာ အကျင့်ပျက်ချစားမှုနဲ့ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုလည်း ပိုများပြီး မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနဲ့ မြန်မာ့သစ်လုပ်ငန်းတို့ကို ၂၀၂၁ ခုနှစ် ဧပြီကထုတ်ပြန်တဲ့ အမေရိကန်သမ္မတရဲ့ အမိန့်အရ ပိတ်ဆို့အရေးယူမယ့် အဖွဲ့အစည်းစာရင်းထဲမှာ ပါပြီးဖြစ်ပေမယ့် မပါသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုအတွက်လည်း သတိပြုဖို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org