ဒေါ်နယ်ထရမ့်လက်ထက် မြန်မာဒုက္ခသည်တွေခေါ်ယူမယ့်အစီအစဉ် ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူပြော

ဒေါ်နယ်ထရမ့်ဟာ လူ့အခွင်အရေးကိစ္စကို ဦးစားပေးမှာ မဟုတ်ဘဲ မြန်မာဒုက္ခသည်တွေ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုဖို့ ကိစ္စကို ဖျက်သိမ်းဖွယ်ရှိတယ်လို့ The Nation သတင်းစာကို ပြောလိုက်တာပါ။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲအသာရနေသည့် ဒေါ်နယ်ထရမ့်အား နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ KAMIL KRZACZYNSKI / AFP

၄၇ ဦးမြောက် အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့် ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့်အစီအစဉ်ကို ပယ်ဖျက်နိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ထိုင်း The Nation သတင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ရှုံးနိမ့်သွားတဲ့နောက်၊ အနိုင်ရသွားတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်ဟာ လူ့အခွင်အရေးကိစ္စကို ဦးစားပေးမှာ မဟုတ်ဘဲ မြန်မာဒုက္ခသည်တွေ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုဖို့ ကိစ္စကို ဖျက်သိမ်းဖွယ်ရှိတယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အကြံပေးအဖွဲ့က ညွှန်ကြားရေးမှူး Phil Robertson က The Nation သတင်းစာကို ပြောလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ မြန်မာဒုက္ခသည် ခြောက်သောင်းလောက် ရှိနေပြီး၊ ဒီ ဒုက္ခသည်တွေကို အမေရိကန်နဲ့ အခြား တတိယ နိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခွင့်ပေးပြီးရင် ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ ထိုင်းအစိုးရနဲ့ လက်ရှိ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အမေရိကန် အစိုးရတို့ သဘောတူထားခဲ့တာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့် လက်ထက်မှာ နိုင်ငံခြားက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတဲ့ မူဝါဒကို အကောင်အထည်ဖော်လိမ့်မယ်လို့လည်း Phil Robertson က ပြောဆိုလိုက်ပြီး၊ ဒီလုပ်ရပ်ကြောင့် အမေရိကန် ဈေးကွက်ကို အဓိကထား တင်ပို့နေတဲ့ ထိုင်းပို့ကုန် လုပ်ငန်းကဏ္ဍကို ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးစဉ်က ပြောခဲ့တဲ့အတိုင်း အမေရိကန်နိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ပေမဲ့ နိုင်ငံသား မဟုတ်တဲ့သူတွေကို ဖမ်းဆီးပြီး ပြန်ပို့မယ့် အစီအစဉ်မျိုးကို အမှန်တကယ် အကောင်အထည်ဖော်ရင် အမေရိကန်နိုင်ငံမှာ အကျပ်အတည်း ပေါ်ပေါက်လာနိုင်တယ်လို့လည်း Phil Robertson က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org