အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner မြန်မာနိုင်ငံကို ဒီကနေ့ ရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က တရားဝင် ထုတ်ပြန် ကြေညာပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner (ဓါတ်ပုံ - US Department of State) US Department of State

မူဝါဒရေးရာ အထူးညှိနှိုင်းရေးမှူးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell ကတော့ မနက်ဖြန် နိုဝင်ဘာ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်မယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကာလအတွင်းက မြန်မာ အစိုးရရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Posner သွားရောက်တာလို့ အမေရိကန် နိုင်ငံခြားရေးရာဌာန ပြောခွင့်ရသူ Ms. Darragh Paradiso က အာရ်အက်ဖ်အေကို ပြောပါတယ်။

ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒအရ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မြန်မာပြည်သူတွေ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှု ရရှိဖို့ ကိစ္စတွေကို ဆွေးနွေး တိုက်တွန်းသွားမယ်လို့လည်း သိရပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell ရဲ့ အခုမြန်မာပြည် ခရီးစဉ်ဟာ နှစ်ပတ် အတွင်း ဒုတိယအကြိမ် ခရီးပါ။ ဒီလို အကြိမ်ကြိမ် သွားရောက်နေတာဟာ သူ့ရာထူး တာဝန်မှာ အရေးကြီးတဲ့ အဓိက အပိုင်းလည်း ဖြစ်တယ်လို့ Ms. Paradiso က ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် အဆင့်မြင့် အရာရှိ နှစ်ဦးလုံးဟာ မြန်မာနိုင်ငံ ကနေ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org