အမေရိကန်သံအမတ်ကြီး ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Derek Mitchell နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီနဲ့ ကိုဌေးကြွယ်တို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
-
2012-09-04 -
-
-
ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဘဝတွေ ဖွံဖြိုးတိုးတက်စေဖို့ လက်တွဲ ဆောင်ရွက်သွားနိုင်မယ့် အကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တွေ့ဆုံပွဲအပြီးမှာ RFA ကို ပြောကြားပါတယ်။
"အဓိကထားပြီး ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ နိုင်ငံမှာ အသွင်ကူးပြောင်းရေး ကာလကို စလှမ်းနေပြီဆိုတာကို နှစ်ဦးနှစ်ဖက်လုံး သဘောတူကြပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှု ထပ်ပြီးတော့ တိုးမြှင့်ကြဖို့နဲ့ အသွင်ကူးပြောင်းရေး ကာလမှာ အပြန်အလှန် လက်တွဲဆောင်ရွက်နိုင်တာ ဘာတွေရှိမလဲဆိုတာကို အဖြေရှာကြတာပေါ့။ ကျွန်တော်တို့ စပြီးတော့ အရင်ဆုံး လိုချင်တာကတော့ ပညာရေးနဲ့ ကျန်းမာရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေပါ။ တစ်ခုရှိတာက ကျွန်တော်တို့ တိုင်းပြည်က လွတ်လွတ် လပ်လပ်လည်း အမှီအခိုကင်းဖို့လည်း လိုပါတယ်။ အဲတော့ မိတ်ဆွေဆန်တဲ့ နိုင်ငံတွေဆီက ပညာရေးမှာ၊ ကျန်းမာရေးမှာ ပြည်သူတွေရဲ့ ဘဝတွေ မြင့်မားလာဖို့ပါ။ ကျွန်တော်တို့ ထပ်ပြီး အသေးစိတ်တွေ ဆွေးနွေးရမှာပါ။ ချုပ်ပြီးပြောရရင်တော့ ကျွန်တော်တို့ အနာဂတ်အတွက် အကောင်းမြင်ပြီး ပြုပြင်ပြောင်းလဲတဲ့ လူတွေအားလုံးနဲ့ လက်တွဲဆောင်ရွက်ကြဖို့ကို ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်"
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ အမေရိကန်သံအမတ်ကြီးနဲ့ နောက်ထပ်တွေ့ဆုံ ဖို့ရှိတယ်လို့ လည်းသိရတယ်။
ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်ကို အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |