မြန်မာနိုင်ငံခြားရေးဝန်ကြီး အမေရိကန်နိုင်ငံခြားရေးဌာနနဲ့တွေ့ဆုံ
မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိတွေနဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
-
2011-09-29 -
-
-
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိများနှင့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ရှင်းပြနေစဉ်။ ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
US Department of State
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မစ္စတာ Derek Mitchell အပါအဝင် အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန အာရှ-ပစ္စဖိတ် ဒေသ ဆိုင်ရာ ထိပ်တန်း အရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ဒါဟာ အမေရိကန်နဲ့မြန်မာ အစိုးရ ဆက်ဆံရေး တိုးတက်တဲ့ လက္ခဏာ ပြသလာတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက နယူးယောက်မြို့မှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အပြင် မစ္စတာ မစ်ရှဲရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ဆက်တွဲ အဖြစ် ထပ်မံ တွေ့ဆုံတာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Mark Toner က ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ဆက်ဆံရေး ကောင်းမွန်လိုတယ်ဆိုရင် ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ် ပေးရမှာ ဖြစ်သလို၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့
လိုအပ်တယ်လို့အမေရိကန် အထူး ကိုယ်စားလှယ်က သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ပြောခဲ့တယ်လို့သိရပါတယ်။
မြန်မာအစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုကို အမေရိကန် အစိုးရ အနေနဲ့ ကြိုဆို လိုက်သလို စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် ဆက်လက် တိုက်တွန်း သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ နျူကလီးယား လက်နက် မပြန့်ပွားရေး
နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာဖို့ကိုလည်း အမေရိကန် အစိုးရ အနေနဲ့တိုက်တွန်း ဆွေးနွေးသွားမယ်လို့ပြောပါတယ်။
လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒဟာ တွေ့ဆုံ ဆွေးနွေးမှုနဲ့ပိတ်ဆို့အရေးယူမှု နှစ်ရပ်စလုံးကို ဆက်လက် ကိုင်စွဲ ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။