မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အမေရိကန်အစိုးရ စိတ်ပျက်
အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောကြားလိုက်ပါတယ်။
-
2012-01-04 -
-
-
အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ထောင်ကျော် ကျန်ရှိနေသေးတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း၊ အမေရိကန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြင်တွေ့ချင်တဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်တဲ့အထိ မြန်မာအစိုးရကို ဆက်လက်ဖိအားပေးသွားမှာ ဖြစ်ကြောင်း Ms. Nuland ပြောသွားပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကျန်နေတာကိုက များလွန်းလှတယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့လ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်တွေကို ပြောကြားထားခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရရဲ့ အခုဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရ အသိအမှတ်ပြုတုံ့ပြန်ရမယ့် အဆင့်တစ်ရပ်မဟုတ်ကြောင်းကိုလည်း Ms. Nuland ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုမရှိရင် အမေရိကန်အစိုးရအနေနဲ့ ပြစ်ဒဏ်ခတ်ပိတ်ဆိုမှုတွေကို ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။