ပိတ်ဆို့မှု ပြင်ဆင်ပုံ အမေရိကန် သံအမတ်ကြီး ရှင်းလင်း
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူ မှုတွေကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိတယ်လို့ သိရတဲ့အတွက် ပိတ်ဆို့အရေးယူမှုကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်လိုက်တာဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောပါတယ်။
-
2016-05-19 -
-
-
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွ ရှိတယ်လို့ သိရတဲ့အတွက် ပိတ်ဆို့အရေးယူမှုကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်လိုက်တာ ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သံအမတ် Mr. Marciel က လတ်တလော ပြင်ဆင်လိုက်တဲ့ အမေရိကန်အစိုးရရဲ့ သဘောထားကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
"စီးပွားရေး ပိတ်ဆို့မှုကြောင့် ရည်ရွယ်မထားဘဲ ဖြစ်လာတဲ့ သက်ရောက်မှုတွေဟာ ဘဏ်လုပ်ငန်းတွေကို ထိခိုက်နစ်နာခဲ့ပါတယ်။ အဲ့ဒီကနေ စီးပွားရေးကို ထိခိုက်ခဲ့ပါတယ်။ အဲ့ဒီလို သက်ရောက်မှုဟာ ပိတ်ဆို့အရေးယူမှုုရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်အစိုးရက ဘဏ်လုပ် ငန်းတွေ ချောမွေ့အောင် ပိတ်ဆို့အရေးယူမှုကို ပြန်လည်သုံးသပ်ပြီး ဖြေလျှော့လိုက်တာဖြစ်ပါတယ်" သံအမတ်ကြီး Scot Marciel က ပြောခဲ့တာဖြစ်ပါတယ်။
Asia World Co. အေးရှားဝေါကုမ္ပဏီကိုတော့ ပိတ်ဆို့အရေးယူမှုစာရင်းမှာ ဆက်လက်ထားရှိပေမယ့် အေးရှားဝေါ ကုမ္ပဏီပိုင်တဲ့ ရန်ကုန်ဆိပ်ကမ်းကို အမှီပြုပြီး အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးလုပ်ခွင့်ကို ဖွင့်ပေးထား တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ အေးရှားဝေါမှာ ရင်းနှီးမြှပ်နံှခွင့် မရှိပါဘူး။
မေလ ၁၇ ရက်နေ့က အသစ်ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာ မြန်မာအစိုးရပိုင်တဲ့ စက်မှု ၁ ၊ စက်မှု ၂ ၊ အမှတ် ၁ သတ္တုတွင်း ၊ အမှတ် ၂ သတ္တုတွင်း စတဲ့ အစိုးရဌာန ၇ ခုနဲ့ အစိုးရဘဏ် ၃ ခု၊ စုစုပေါင်း ၁ဝ ခုကို ပိတ်ဆို့အရေးယူမှု စာရင်းကနေ ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။