ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Melanne Verveer မြန်မာနိုင်ငံကို သွားမည်

ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြန်မာ့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို လေ့လာဖို့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးရေး လှုပ်ရှားနေသူတွေ၊ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဒါအပြင် နေပြည်တော်မှာ ရုံးစိုက်တဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အမျိုးသမီးထု ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေ ဆွေးနွေးမှာဖြစ်သလို အမျိုးသမီး အခွင့်အရေးဆိုင်ရာတွေကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီး Melanne Verveer ရဲ့ ခရီးစဉ်ဟာ မေလ ၆ ရက်နေ့ ကနေ ၁၁ ရက်နေ့ထိ ကြာမြင့်မှာဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ ရှမ်းတိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org