တော်လှန်ရေးအင်အားစုတွေကို ကူညီဖို့ ကန်အစိုးရကို လွှတ်တော်အမတ်တွေ တိုက်တွန်း

မြန်မာ့အရေးမှာ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီဖို့ အမေရိကန်လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ဇူလိုင်လ ၂၉ ရက်နေ့က စာရေးသား ပေးပို့ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် ဗျုဟာ (၄၇) ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပစဉ်။ Screenshot: Ministry of Defence - National Unity Government of Myanmar - Facebook Video

မြန်မာ့အရေးမှာ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီဖို့ အမေရိကန်လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ဇူလိုင်လ ၂၉ ရက်နေ့က စာရေးသား ပေးပို့ခဲ့ပါတယ်။

အဲဒီစာမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley နဲ့ ရီပါဘလစ်ကန် လွှတ်တော်အမတ် Todd Young ၊ Mitch McConnell၊ James Risch တို့ ငါးဦး ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ပေးပို့တဲ့ စာထဲမှာတော့ အမေရိကန်အစိုးရရဲ့ သံတမန်ဆက်ဆံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာမက လတ်တလော နိုင်ငံတစ်ဝန်း နယ်မြေစိုးမိုးမှုရှိလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ နီးကပ်တဲ့ ဆက်ဆံရေး ရှိသင့်တယ်လို့ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ဒေသတွင်းလွှမ်းမိုးမှုနဲ့ မဟာဗျူဟာမြောက် ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ပွားမှုကို အခြေပြုပြီး အဘက်ဘက်က ခြယ်လှယ်နေချိန်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလည်း အခုထပ်ပို လုပ်သင့်ပြီး လေယာဉ်ဆီကိုပစ်မှတ်ထားတဲ့ကဏ္ဍ အပါအဝင် တာဝန်ယူမှုရှိတဲ့ အရေးယူဆောင်ရွက်မှုအသစ်တွေကိုလည်း ရှာဖွေသင့်တယ်လို့ ဆိုပါတယ်။

ဒီအပြင် တော်လှန်ရေးအင်အားစုတွေကို လူသေစေနိုင်တာမရှိတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း၊ ကျည်ကာဝတ်စုံ၊ ကြိုတင်အချက်ပေး ရေဒါစနစ်၊ ဒရုန်းဖျက် (Jammer) တွေနဲ့ အလားတူပစ္စည်းတွေကို ထောက်ပံကူညီခြင်းက စစ်တပ်ရဲ့တိုက်ခိုက်မှုတွေက ပိုပြီး အကာအကွယ်ပေးနိုင်လိမ်မ့ယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခ အချိန်ကာလကြာမြင့်စွာဖြစ်ပွားမှုက ရှောင်ရှားဖို့၊ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို ဟန့်တားဖို့အတွက် မိတ်ဖက်မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ လွှတ်တော်ကွန်ဂရက်က ဆန္ဒရှိကြောင်းလည်း ထပ်လောင်း အတည်ပြုထားပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေကို ကူညီထောက်ပံ့မဲ့ အချက်တွေပါတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org