UNFC အဖွဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကပြုလုပ်တဲ့ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို တွေ့ရစဉ် Photo: Aung Moe Myint/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

UNFC အဖွဲ့က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ က တွေ့ဆုံမယ်လို့ ဇန်ဝါရီလ ၂၅ ရက်နေ့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးဆုံးသွားတဲ့ UNFC ဗဟို အလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

UNFC ဒုဥက္ကဌ နိုင်ဟံသာ က သူတို့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“တို့ဘက်က DPN ကနေ ဒေါ်စု ဆီကို စာရေးလိုက်တော့ ဒေါ်စုကနေပြီးတော့ ကမ်းလှမ်းလာတဲ့ သဘောပေါ့ဗျာ၊ ကမ်းလှမ်းလာတဲ့အပေါ်မှာ တွေ့ဖို့ ခွင့်ပြုထားတယ်လေ၊ ဒီနှစ်ဖက်ကြားမှာ အမြင်တွေ ညှိလို့မရလို့ ကျန့်ကြာနေတဲ့ကိစ္စကို နည်းနည်းပြန်ညှိဖို့ပါ။ ဒီအားလုံးပါဝင်ရေးကိစ္စတို့ အဲဒီ သုံးပွင့်ဆိုင် ကိစ္စတို့ နောက်ဒီထိုးစစ်ရပ်စဲရေး တို့ စသဖြင့်ပေါ့ဗျာ၊ သူတို့က ချိန်းတယ်လေ ဒါနှစ်ဖက် သူတို့ ပြန်ညှိ ကြမယ်။”

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ ပါဝင်ပြီး သုံးရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ DPN အဖွဲ့နဲ့ NRPC အကြား ညှိနှိုင်းမရဖြစ်နေတဲ့ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာအသိသက်သေ ပါဝင်ခွင့်ပြုဖို့ကိစ္စနဲ့ သုံးပွင့်ဆိုင် နိုင်ငံရေးဆွေးနွေး မှု ပေါ်ပေါက်လာရေးကိစ္စ အပါအဝင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အဓိကထား ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ၇ ပွင့်ဆိုင်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး အဲဒီထဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများဆိုပြီး ပါဝင်ပါတယ်။

UNFC အဖွဲ့အနေနဲ့ တောင်းဆိုနေတဲ့ ၃ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးရေးမူကတော့  အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က တပွင့်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက တပွင့်နဲ့ နိုင်ငံရေးပါတီတွေက တပွင့် ဆိုပြီး စုစုပေါင်း ၃ ပွင့်ဆိုင် ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ UNFC အဖွဲ့ရဲ့ သဘောထားတွေကို DPN ကိုယ်စားလှယ်တွေက အသေးစိတ် သွားရောက်တင်ပြဆွေးနွေးသွားဖို့ရှိပြီး နှစ် ဖက်တွေ့ဆုံမည့် နေ့ရက်ကိုတော့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org