ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလစိုးရိမ်
မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေက လေကြောင်း ပစ်ကူတွေနဲ့ တိုက်ခိုက်နေတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က ပြောလိုက်ပါတယ်။
-
2013-01-02 -
-
-
ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်သလို၊ အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ ဒီအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတဲ့၊ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးပြင်းထန်သွားမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းလိုက်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရဟာ ၁၉၈၈ခုနှစ် ပြည်သူ့ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုကြီး နောက်ပိုင်း ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာက စစ်ရေးပဋိပက္ခတွေပြန်ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပဋိပက္ခတွေကြောင့် ဒေသခံလူထုတွေအများအပြား နေရပ်စွန့်ထွက်ပြေးခဲ့ကြရပြီး အကူအညီတွေလိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ ရောက်ရှိနိုင်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ မာတင်နဆာကီ က ပြောပါတယ်။