လုံခြုံရေးကောင်စီ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ပေးဖို့ ဦးကျော်မိုးထွန်းတောင်းဆို

အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးကြားညှိနှိုင်းကြဖို့နဲ့ မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နယူးယောက်မြို့ရှိ ရုံးခန်းတွင် တွေ့ရစဉ်။ RFA

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထုတွေကို အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူ လေးထောင်ကျော်သတ်ဖြတ်ခံရ၊ နေအိမ် ခုနှစ်သောင်းခွဲကျော်မီးရှို့ခံရပြီး၊ လူဦးရေ နှစ်သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်တွေသုံးပြီး ပြည်သူလူထုနေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ အများအပြား ဆက်ရှိနေသေးတာကိုကြည့်ရင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေး ဖြတ်တောက်ဖို့ လိုနေတာ ထင်ရှားတယ်လို့ ထောက်ပြခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး၊ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်နိုင်ခဲ့ပေမဲ့ အဲဒီထဲမှာ တရုတ်နဲ့ ရုရှားမပါဝင်ခဲ့ပါဘူး။

အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးကြားညှိနှိုင်းကြဖို့နဲ့ မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org