အင်တာနက်လိုင်း ပိတ်ထားတာ ပြန်ဖွင့်ပေးဖို့ ကုလတောင်းဆို

ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ အင်တာနက်လိုင်းပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ အင်တာနက်လိုင်းပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အင်တာနက်ကို အားထားရတာဖြစ်တာကြောင့် အခုလို ပိတ်ထားတာဟာ  ဒီလုပ်ငန်းတွေကို အဟန့်အတား များစွာဖြစ်စေတဲ့အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းတယ်လို့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အင်တာနက် အပိတ်ခံထားရတာဟာ အဲဒီဒေသတွေကို လူသားချင်းစာနာမှုအရ သွားရောက် ကူညီဆောင်ရွက်နိုင်ဖို့အတွက် ကန့်သတ်ချက်တွေဖြစ်နေတယ်၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ထိခိုက်နေပြီး စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ သတင်းအချက်အလက် ရရှိရေးဆိုင်ရာ အခြေခံအခွင့်အရေးတွေကိုပါ ဆက်လက်ထိခိုက်နိုင်တဲ့ အလားအလာရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်သုံးသပ်ပြီး သင့်တော်သလို ဆောင်ရွက်ပေးလိမ့်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ဒါတော့ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော်အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ပေးသင့်ရင် ဆောင်ရွက်ပေးပါလိ့မ်မယ်၊ ခုနကပြောတဲ့ အင်တာနက်လိုင်းမရှိလို့မိုလို့ အဆက်အသွယ် ပြတ်တောက်တယ်ဆိုတာ မဟုတ်ပါဘူး၊ အဲဒီက သတင်းတွေရော အကြောင်းအချက်တွေရော အကုန်လုံးတွေ့နေရတာပါပဲ၊ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် ဆက်သွယ်ရေးလိုင်းပေါ်မှာပဲဖြစ်ဖြစ် ဆက်သွယ်မှု ပြတ်တောက်တယ်ဆိုတာ မရှိပါဘူး၊ တပ်က အခုသတင်းတောင်မှပဲ သိရတာပဲလေ၊ RFA တို့ ဘာတို့လည်းတင်နေတာပဲ၊ ဒီဟာတွေကတော့ အခုပြောတဲ့ဟာနဲ့တော့ မဆိုင်ပါဘူးဗျ"

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံမြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေကို ဇွန်လ ၂၁ ရက်နေ့ ကတည်းက ယာယီဖြတ်တောက်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွန်ကြားထားတာဟာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ၁၀၁ ရက်ရှိဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာဖန်တီးမှုတွေနဲ့ ထင်ရှားတဲ့  ရန်ကုန်အခြေစိုက် ဖန်တီးရာအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Mr. Jes က ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပါတယ်။

"ကုလသမဂ္ဂက အခုလို ထုတ်ပြန်လိုက်တဲ့ဟာက အင်မတန်ကောင်းပါတယ်၊ အရေးလည်းကြီးတယ်၊ မြန်မာနိုင်ငံမှာ လူတိုင်းက စမတ်ဖုန်းသုံးနဲ့ အင်တာနက်သုံးနေကြတယ်၊ ဒီလိုအချိန်မှာ အင်တာနက်ကို ဖြတ်ချလိုက်တော့ သူတို့ရဲ့ဘဝတွေကို တိုက်ရိုက်သက်ရောက်မှုရှိသွားတယ်၊ ဒီလိုဟာကို ကုလသမဂ္ဂက ထောက်ပြပြီး ကြေညာချက်ထုတ်ပြန်လိုက်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်"

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေမှာ စက်တင်ဘာလဆန်းလောက်က အင်တာနက်လိုင်းပြန်ရခဲ့ပေမယ့် တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဒီနေ့အထိ အင်တာနက်မရသေးတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ မိုဘိုင်းဖုန်းအင်တာနက်လိုင်းတချို့ ပြန်အသုံးပြုခွင့်ရတယ်လို့ သတင်းတချို့ ထွက်ခဲ့တဲ့အတွက် အင်တာနက်ပြန်မရသေးတဲ့ နယ်မြေတွေက ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို RFA က အတည်ပြုမေးမြန်းတဲ့အခါမှာတော့ အရင်အတိုင်းပဲ ဆက်လက်ပိတ်ခံထားရဆဲဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်တာကို မလိုလားပါဘူး။

"လူတိုင်းအတွက် အသုံးဝင်နေတဲ့ဟာဖြစ်နေတဲ့အခါကြတော့ ဒါဖွင့်ပေးသင့်တာပေါ့နော်၊ အဲဒီဆိုရှယ်မီဒီယာကို အသုံးပြုပြီးတော့မှ ဒါ ဘက်ပေါင်းစုံထောင့်စုံကနေပြီးတော့ အသုံးချပြီး အလုပ်လုပ်နေကြတာတွေရှိတယ်၊ ဥပမာ တချို့ဘဏ်တွေ ဘဏ်လုပ်ငန်းတွေ ဘာတွေဆိုလို့ရှိရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီးလုပ်နေတဲ့ဟာတွေ အကုန်လုံး ရပ်တန့်နေတာပေ့ါ၊ စီးပွားရေးသမားတွေလည်းပဲ အဲဒီအင်တာနက်နဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေ အများကြီးရှိတယ်၊ ဆိုတော့ အဲဒါတွေအကုန်လုံး ရပ်တန့်ကုန်တဲ့အခါကြတော့ ဘေးထွက်ဆိုးကျိုးကတော့ အများကြီးဖြစ်တာပေါ့၊ ပြည်သူလူထုတွေပဲ ဒါဒုက္ခဖြစ်တာပေါ့"

AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။

ကုလသမဂ္ဂအဖွဲ့က တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ကို RFA က မေးမြန်းဖို့ ဒီကနေ့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒီကနေ့မှာ အင်တာနက်အပိတ်ခံထားရတာ ၁၀၁ ရက်မြောက်ပြီဖြစ်လို့ ရခိုင်ပြည်နယ်က လူဦးရေ ၆၀၀,၀၀၀ ကျော်သောပြည်သူများအပေါ် စာနာကြောင်းနဲ့ စည်းလုံးမှုရှိကြောင်း ပြသနိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့ အစည်းတွေကဦးဆောင်ပြီး မိုဘိုင်းဒေတာနဲ့ Wifi တွေကို ၂၄နာရီတိတိ အသုံးမပြုပဲနေကြမယ့် အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (Day 101 Internet Blackout Day ) လှုပ်ရှားမှုကို လုပ်ဆောင်နေပါတယ်။

ဒီလှုပ်ရှားမှုမှာ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာအဖွဲ့၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန၊  ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့ (MIDO) နဲ့  ဖန်တီးရာတို့က ဦးဆောင် ပါဝင်ပါတယ်။

အခုလိုလှုပ်ရှားမှုပြုလုပ်ရတဲ့အပေါ် ဖန်တီးရာအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Jes က

"ကျွန်တော်တို့ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်ရတာက လူတိုင်းက အင်တာနက်သုံးခွင့်ရှိရမယ်၊ တကယ်လို့ အင်တာနက်မရှိလို့ရှိရင် နေ့စဉ်လုပ်ရတဲ့အလုပ်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ရတဲ့ဟာတွေ၊ သတင်းအချက်အလက် သိရဖို့တွေ အင်မတန်ခက်ပါတယ်၊ ဒါကြောင့်မို့လည်း ကျွန်တော်တို့က အင်တာနက်မရတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို သိရှိနိုင်ဖို့အတွက် အလေးပေးပြောဆိုရတာပါ"

အင်တာနက်ပိတ်ပင်တာဟာ မြန်မာအစိုးရကလက်မှတ်ရေးထိုးထားတဲ့ ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင် ဆိုင်ရာမူဝါဒတွေနဲ့ ဆန်ကျင့်နေတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုတွေ ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာရေးဥပဒေပါ နိုင်ငံတော်က ဆောင်ရွက်ရမယ့် တာဝန်တွေနဲ့အညီ လူသားချင်း စာနာရေးအဖွဲ့အစည်းတွေပါ အဟန့်အတားမရှိ သွားရောက်နိုင်ရေးအတွက်   ကူညီဖို့ အစိုးရကို တိုက်တွန်းတယ်လို့ ကြေညာချက်မှာပါရှိပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org