ရခိုင်ပြည်နယ်မှာ ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်

ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Ashok Nigam က ဒေသခံသတင်းထောက်တွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေစဉ် photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာ နီဂမ်ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေအတွက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒေသခံသတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အဲဒီလိုပြောခဲ့တာပါ။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က “ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးကိစ္စဟာ အရေးပါတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂအနေနဲ့လည်း အစိုးရဘက်က တောင်းဆိုလာမယ်ဆိုရင် အကူအညီပေးသွားဖို့ အဆင်သင့်ရှိပါတယ်။ အခုလိုမျိုး ပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စရပ်တွေကို ကုလသမဂ္ဂအနေနဲ့ နိုင်ငံပေါင်းများစွာမှာဆောင်ရွက်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေကို ကိုင်တွယ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ကုလသမဂ္ဂမှာ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကိစ္စရပ်တွေကိုဖြေရှင်းဖို့ အစိုးရရဲ့ဦးဆောင်မှုသာ အဓိကလိုအပ်နေတာဖြစ်ပါတယ်” လို့ စကားပြန်ကတစ်ဆင့် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Mr. Ashok Nigam ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးရာမှာ ဒုက္ခသည်တွေ လက်ရှိလိုအပ်နေတဲ့ နေအိမ်၊ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်စတဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အဲဒီအခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီး မိမိတို့နေရပ်အသီးသီးကိုပြန်နိုင်မှ နိုင်ငံတကာအကူအညီတွေ မလိုတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်မှာဖြစ်တယ်လို့ Mr. Ashok Nigam က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အယုံအကြည်ကင်းမဲ့နေတဲ့ ကိစ္စရပ်တွေကိုလည်း ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့လည်း Mr. Ashok Nigam က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org